၈၈ အဖွဲ့ရဲ့ ဖောင်ဒေးရှင်းသစ် အတွက် အရှင်ဆန္ဒာဓိက ကျပ်သိန်း ၂၅၀ မတည်ပေး
ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကက မေတ္တာအိုးဝေဖောင်ဒေးရှင်း တည်ထောင်ဖို့ မတည်ငွေ သိန်း ၂၅၀ ကို ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုမြအေးတို့ကို ဒီနေ့ပေးအပ်လိုက်ပါတယ်။
-
2014-03-18 -
-
-
Your browser doesn’t support HTML5 audio
ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကက မေတ္တာ အိုးဝေဖောင်ဒေးရှင်း တည်ထောင်ဖို့ မတည်ငွေ သိန်း ၂၅၀ ကို ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုမြအေးတို့ကို ဒီနေ့ပေးအပ်လိုက်ပါ တယ်။
မေတ္တာအိုးဝေဖောင်ဒေးရှင်းဟာ နိုင်ငံရေးအကျဉ်း သားဟောင်းတွေရဲ့ ပညာရေးနဲ့ ကျန်းမာရေး လိုအပ်ချက်တွေကို ကူညီထောက်ပံပေးနိုင်ဖို့ ရွှေ ပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကက မတည်ပေးခဲ့တာဖြစ်ပါတယ်။ အလှူငွေ မတည် လှူဒါန်းရတာနဲ့ ပတ်သက်ပြီး ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကက RFA ကို အခုလို မိန့်ကြားပါတယ်။
"ဦးဇင်းတို့ မြန်မာနိုင်ငံရေး အခြေအနေ ဒီကနေ့ ဒီအချိန်အထိ အတိုင်းအတာတစ်ခုအထိ လွတ်လပ် ပွင့်လင်းလာတယ်ဆိုတာ နိုင်ငံရေးသမားတွေရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပါပဲ၊ နိုင်ငံရေးသမားတွေရဲ့ ကျေးဇူးတရားဟာ နိုင်ငံသူနိုင်ငံသား တစ်ယောက်ချင်းဆီမှာရှိတယ်လို့ ဦးဇင်းကခံစားရပါတယ်၊ ဒါကြောင့် ဦးဇင်းပေါ်မှာလည်း ထင်ရှားတဲ့ အကျိုးသက်ရောက်မှုရှိနေတယ်၊ နိုင်ငံသူနိုင်ငံသားအားလုံး စီပွားရေးသမား၊ လူမှုရေးသမား၊ ပညာရေးသမား၊ ကျန်းမာရေးသမား ဘယ်သူမဆိုပေါ့ တစ်ယောက်ချင်း တစ်ယောက်ချင်းဆီ မှာ နိုင်ငံရေးသမားတွေရဲ့ ကျေးဇူးတရားရှိပါတယ်၊ ဒါကြောင့် နိုင်ငံရေးသမားတွေရဲ့ ကျေးဇူး တရားကို ကျေးဇူးဆပ်တဲ့အနေနဲ့လည်း ဦးဇင်း အခုလို မေတ္တာအိုးဝေ ဖောင်ဒေးရှင်းအတွက် လှူဖြစ်သွားတာပါ"
နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ ပညာရေး ကျန်းမာရေးတွေကို ကူညီနိုင်ဖို့ စည်းမျဉ်း၊ စည်းကမ်းတွေ ချမှတ်ပြီး ဆရာတော် အရှင်ဆန္ဒာဓိကရဲ့ လမ်းညွှန်မှုအတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။
"နိုင်ငံရေး အကျဉ်းသားဟောင်တွေရဲ့ ကျန်းမာရေး ချို့တဲ့သွားတဲ့လူတွေရှိတယ်၊ ပညာရေးအတွက် ဆက်ပြီးတော့ ခရီးဆက်ချင်တဲ့လူတွေရှိတယ်ပေါ့၊ လောလောဆယ် နိုင်ငံရေး အကျဉ်းသားဟောင်းအဖွဲ့တွေရှိမယ်၊ ကူညီစောင့်ရှောက်ရေး အသင်းတွေရှိမယ်၊ သူတို့နဲ့ ညှိနှိုင်းပြီးတော့ စာရင်းတွေကို ကျနော်က ယူမယ်လို့စဉ်းစားတယ်၊ ပြီးတော့အခါကျရင် စည်းမျဉ်းစည်းကမ်းတွေ ဆွဲမှရလိမ့်မယ်၊ အဲဒါတွေကလည်း ဆရာတော်ရဲ့ သြဝါဒကိုခံယူပါ့မယ်၊ ဆရာတော်ကတော့ သူတတ်နိုင်သမျှ သက်တမ်းရှိသမျှမှာ ဖြစ်စေချင်တယ်တူပါတယ်၊ ကျနော်တို့ အဲဒါကို ပါရမီဝိုင်းပြီးတော့ ဖြည့်ကြရမှာပါပဲ"
မြန်မာနိုင်ငံရဲ့ ပညာရေး ကျန်းမာရေးကဏ္ဍတွေ တိုးတက်ကောင်းမွန်ဖို့ဆိုရင် အစိုးရရဲ့ ပညာရေး၊ ကျန်းမာရေး မူဝါဒတွေကို ပြောင်းနိုင်ဖို့ အဓိကထားကြိုးစားဖို့ လိုအပ်ကြောင်း ကိုမင်းကိုနိုင်က ပြောပါတယ်။ မေတ္တာအိုးဝေဖောင်ဒေးရှင်းကို အလှူငွေလှူဒါန်းဖို့အတွက် ဆရာတော်က ပြီးခဲ့တဲ့ ၈ လေးလုံး ငွေရတုအခမ်းနားမှာ မိန့်ကြားခဲ့တာဖြစ်ပြီး ဒီကနေ့မှာတော့ အလှူငွေပေးအပ်ခဲ့တာလည်းဖြစ်ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင် သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။