နိုင်ငံရေးပါတီအဖြစ်ဆက်လက်ရပ်တည်မည်ဟု ပြည်သူ့ပါတီကြေညာ
2023.02.28
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီဟာ “နိုင်ငံရေးပါတီ” အဖြစ် ဆက်ပြီးရပ်တည်မယ်လို့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကနေ ဒီနေ့အထိ ၃၅ နှစ်အတွင်း အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ပြီးမှ ဒီမိုကရေစီရေး နောက်ပြန် လျှောကျသွားတာဟာ နိုင်ငံရေးနည်းလမ်း မှားယွင်းလို့မဟုတ်ဘဲ နိုင်ငံရေးဦးဆောင်သူတွေရဲ့ ဆုံးဖြတ်ချက်မှားယွင်းမှုကြောင့် ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဒီမိုကရေစီရေးနဲ့ ဖက်ဒရယ်အရေးအပေါ် တစိုက်မတ်မတ်ရပ်တည်တဲ့ နိုင်ငံတော်အဆင့် နိုင်ငံရေးပါတီတစ်ရပ် ရှိဖို့လိုအပ်
ပြည်သူ့ပါတီဟာ အကြမ်းမဖက်တဲ့နည်းလမ်းကို ခိုင်ခိုင်မာမာ ယုံကြည်ကြောင်း၊ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဒီမိုကရေစီရေးနဲ့ ဖက်ဒရယ်အရေးအပေါ် တစိုက်မတ်မတ်ရပ်တည်တဲ့ နိုင်ငံတော်အဆင့် နိုင်ငံရေးပါတီတစ်ရပ် ရှိဖို့လိုအပ်တယ်လို့ ယုံကြည်ကြောင်းလည်း ထည့်သွင်းပြောထားပါတယ်။

လက်ရှိကာလဟာ အရပ်ဘက်-စစ်ဘက် ပဋိပက္ခ၊ တိုင်းရင်းသားတန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ စိန်ခေါ်မှု အပြင်းထန်ဆုံးကာလ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ပြည်သူ့ပါတီကို လူအား၊ ငွေအား၊ အကြံဉာဏ်အားတွေနဲ့ ပူးပေါင်းပါဝင်ကြဖို့ လည်း ပြည်သူတစ်ရပ်လုံးကို တောင်းဆိုထားပါတယ်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ကျင်းပတဲ့ ပြည့်သူ့ပါတီ ဗဟိုကော်မတီ စုံညီအစည်းအဝေးကို မှတ်ပုံတင်ပြန်လျှောက်ထားပြီးဖြစ်တဲ့ ရခိုင့်ဦးဆောင်ပါတီခေါင်းဆောင် ဒေါက်တာအေးမောင်လည်း တက်ရောက်ခဲ့ပါတယ်။
၂ဝ၂ဝ ရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ စစ်တပ်က အာဏာသိမ်းလိုက်ပြီး နှစ်နှစ်အကြာမှာ နိုင်ငံရေးပါတီတွေ မှတ်ပုံတင် ပြန်ပြီးလျှောက်ထားကြဖို့ စစ်ကောင်စီက ဥပဒေသစ် ထုတ်ပြန်ထားတာပါ။ ဒီဥပဒေသစ်နဲ့အညီ မှတ်ပုံတင်ပြီးပါတီ ၁၃ ပါတီရှိပြီဖြစ်ပြီး အဲ့ဒီအထဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မဲဆွယ်စည်းရုံးဖို့ လျှောက်ထားတဲ့ပါတီ ငါးခုရှိတယ်လို့ စစ်ကောင်စီက ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ ကိုယ်စားလှယ်တွေကတော့စစ်ကောင်စီက ပြုလုပ်မယ့်ရွေးကောက်ပွဲကို လက်မခံဘဲ နိုင်ငံရေးဂုဏ်သိက္ခာအရ ပါတီကို မှတ်ပုံပြန်တင်မှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။