မြစ်ဆုံစီမံကိန်း ထာဝရရပ်ဆိုင်းရေး ၄ နှစ်ပြည့်မှာ တောင်းဆို
ဒီကနေ့ ကျရောက်တဲ့ ဧရာဝတီမြစ်ဆုံ စီမံကိန်းရပ်ဆိုင်းခြင်း ၄ နှစ်ပြည့် အခမ်းအနားမှာ မြစ်ဆုံစီမံကိန်းကြောင့် မူလရွာတွေကနေ ပြောင်းရွှေ့ခဲ့ရတဲ့ ဒေသခံတွေက စီမံကိန်းကို ထာဝရရပ်ဆိုင်းပေးဖို့ အစိုးရထံ တောင်းဆို လိုက်ကြပါတယ်။
-
2015-10-10 -
-
-
ဒီကနေ့ ကျရောက်တဲ့ ဧရာဝတီမြစ်ဆုံ စီမံကိန်းရပ်ဆိုင်းခြင်း ၄ နှစ်ပြည့် အခမ်းအနားမှာ မြစ်ဆုံစီမံကိန်းကြောင့် မူလရွာတွေကနေ ပြောင်းရွှေ့ခဲ့ရတဲ့ ဒေသခံတွေက စီမံကိန်းကို ထာဝရရပ်ဆိုင်းပေးဖို့ အစိုးရထံ တောင်းဆို လိုက်ကြပါတယ်။
၄ နှစ်မြောက် အခမ်းအနားကို မြစ်ကြီးနားမြို့နယ် တန်ဖရဲကျေးရွာက ကက်သလစ် ဘုရားရှိခိုးကျောင်းမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ မြစ်ဆုံစီမံကိန်းဟာ မြန်မာနိုင်ငံအတွက် ဆိုးကျိုးများစွာဖြစ်ပေါ်စေနိုင်တာကြောင့် လုံးဝရပ်ဆိုင်းဖို့ တောင်းဆိုတာဖြစ်ကြောင်း အခမ်းအနားကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဒေါ်ခေါန်မိုင် က ကြေညာချက်ကို ဖတ်ကြားခဲ့ပါတယ်။
"မြစ်ဆုံရေကာတာစီမံကိန်းသည် မြန်မာနိုင်ငံအတွက် ကောင်းကျိုးထက် ကြောက်မက်ဖွယ် ဆိုးကျိုးများကို ပိုပြီးဖြစ်ပေါ်စေနိုင်သဖြင့် မြစ်ဆုံရေကာတာ စီမံကိန်းရပ်စဲခြင်းသည် ထာဝရအဖြစ် သေချာစေရန်အလိုရှိသည် ၊ မြစ်ဆုံရေကာတာစီမံကိန်းကြောင့် မူလရွာတွေကနေ ပြောင်းရွှေ့ခဲ့ရတဲ့ ဒေသခံတွေသည် ရွာသစ်များ၌ စားဝတ်နေရေးအဆင်မပြေ မလုံခြုံမှုများစွာနှင့် ဘဝဆက်အသက်ရှင်နိုင်ရန် အခက်အခဲများစွာနဲ့ ကြုံတွေ့ခံစားနေရပါသဖြင့် ဘိုးဘေးစဉ်ဆက် ကတည်းကနေထိုင်ခဲ့သော နဂိုမူလကျေးရွာများ၌ လွတ်လပ်စွာနဲ့ ဂုဏ်သိက္ခာရှိစွာ ပြန်လည်နေထိုင် ပိုင်ဆိုင်ခွင့်ရရှိရန် အလိုရှိသည်"
ပြည်သူတွေရဲ့ သဘောဆန္ဒမပါပဲ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေကို မလုပ်ဆောင်ဖို့နဲ့ သဘာဝသယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေကို ပြည်သူတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားဖို့ စတဲ့အချက် ၅ ချက်ကို နိုင်ငံတော် သမ္မတထံ ပေးပို့တောင်းဆိုခဲ့တာဖြစ်ပါတယ်။ အဲ့ဒီစီမံကိန်းကို၂ဝ၁၁ ခုနှစ် စက်တင်ဘာလ ၃ဝ ရက်နေ့က ဧရာဝတီမြစ်ဆုံစီမံကိန်းကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ရဲ့အမိန့်နဲ့ သူ့ရဲ့အစိုးရသက်တမ်း ကာလအတွင်း ယာယီဆိုင်းငံ့ထားတာ ဖြစ်ပါတယ်။
ဒီနေ့အခမ်းအနားကို မြစ်ဆုံစီမံကိန်းကြောင့် မူလရွာတွေကနေ ပြောင်းရွှေ့ခံထားရတဲ့ ဒေသခံတွေနဲ့ မြစ်ကြီးနား၊ ဝိုင်းမော်စတဲ့မြို့နယ်တွေက ကချင်တိုင်းရင်းသား တစ်ထောင်နီးပါး တက်ရောက်ခဲ့ကြပါတယ်။