မြစ်ဆုံစီမံကိန်း ဖျက်သိမ်းရေးနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး မန္တလေးတိုင်းတွင်းက မြို့နယ်တွေမှာ ဆန္ဒပြ
မြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ပေးရေးအတွက် မန္တလေးတိုင်းအတွင်းက ဒေသခံ ၅၀ ခန့် စုပေါင်းပြီး တောင်သာမြို့နဲ့ မြင်းခြံမြို့နယ်မှာ ဒီနေ့မနက်က လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
-
2019-02-15 -
-
-
Your browser doesn’t support HTML5 audio
မြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ပေးရေးအတွက် မန္တလေးတိုင်းအတွင်းက ဒေသခံ ၅၀ ခန့် စုပေါင်းပြီး တောင်သာမြို့နဲ့ မြင်းခြံမြို့နယ်မှာ ဒီနေ့မနက်က လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
ဒါ့အပြင် ပြည်သူ့ဆန္ဒမပါဝင်တဲ့ စီမံကိန်းတွေ ဖျက်သိမ်းပေးရေးကိုလည်း ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။
လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီမှုမရှိတာကြောင့် ပြင်ဆင်ပေးဖို့ တောင်းဆိုတာဖြစ်ကြောင်း ဆန္ဒပြရာမှာပါဝင်တဲ့ ကိုဆန်းလင်းအောင်က RFA ကို ပြောပါတယ်။
“နှစ်ခုလုံးက လိုအပ်တယ်။ မြစ်ဆုံဆည်ကလည်း ကန့်ကွက်ရမှာပဲ။ ၂၀၀၈ အခြေခံဥပဒေကလည်း စစ်အစိုးရရဲ့ လိုသလိုဆွဲထားတဲ့အတွက်ကြောင့် ဒီမိုကရေစီမဆန်တဲ့အတွက် ကန့်ကွက်ရတာပဲ။ စစ်တပ်က အာဏာအရှိဆုံကိုး”
ဆန္ဒပြသူတွေဟာ တောင်သာမြို့မှာ ဆန္ဒပြပြီးချိန်မှာ မြင်းခြံမြို့မှာလည်း သွားရောက်ဆန္ဒပြခဲ့ပါတယ်။
ဆန္ဒပြသူတစ်ဦဖြစ်တဲ့ မမိုးမိုးမြင့်ကတော့ မြစ်ဆုံကို မပြီးတိုင်ဖျက်သိမ်းပေးဖို့အတွက် ဆန္ဒပြပွဲမှာ ပါဝင်တာဖြစ်ကြောင်း ပြောပါတယ်။
"ဧရာဝတီမြစ်ဆုံက ပြည်သူ့ဆန္ဒမပါဘဲနဲ့ သူတို့သဘောနဲ့သူတို့လုပ်နေတယ်။ မကောင်းဘူးဆိုတာ လူတိုင်းသိတယ်။ ကလေးကအစ သိတယ်။ ၂၀၀၈ ကလည်း အစအဆုံးနားမလည်ပေမယ့် ပြည်သူ့ဆန္ဒနဲ့ ဖွဲ့ထားတာ မဟုတ်ဘူး။ စစ်တပ်အတွက် အားသာချက်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဥပဒေဖြစ်တယ်"
ဒါ့အပြင် ဆန္ဒပြသူတွေက ပြည်သူ့ဆန္ဒမပါတဲ့ စီမံကိန်းကိုလည်း အလိုမရှိကြောင်းဆန္ဒပြခဲ့ပြီး မြင်းခြံမြို့နယ်က ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ ဆန္ဒပြရတဲ့ အကြောင်းတွေကို ၁၅ မိနစ်ခန့် ဟောပြောခဲ့ကြပါတယ်။
အဲဒီနောက်မှာတော့ တောင်သာမြို့ကနေ နွားထိုးကြီးမြို့ကိုသွားရောက် ဆန္ဒပြပြီး ဆန္ဒထုတ်ဖော်တာကို ရပ်နားခဲ့တာဖြစ်ပါတယ်။
ဆန္ဒပြသူတွေဟာ အရင်ကတော့ တောင်သာမြို့ကနေ မန္တလေးမြိုက မနော်ရမ္မံကွင်းအထိ ဆန္ဒထုတ်ဖော်ဖို့ နှစ်ကြိမ်တိုင်တိုင် ခွင့်ပြုချက်တောင်းခံခဲ့ပေမယ့် မန္တလေးမြို့အတွင်းမှာတော့ ဆန္ဒပြခွင့်မရတာကြောင့် တောင်သာမြို့မှာပဲ ရပ်နားခဲ့တာဖြစ်ပါတယ်။
အဲ့ဒီလို ဆန္ဒပြဖို့ ခွင့်မပြုတာဟာ ဒီမိုကရေစီမဆန်ဘူးလို့ ဆန္ဒပြပွဲမှာပါဝင်သူ ကိုတင်လွင်ဦးက ပြောပါတယ်။
"အရင်တင်တာက မန္တလေးထိတင်တယ်။ ဒေသန္တရ ဥပဒေအရ ဖော်ထုတ်ခွင့်မရခဲ့ပါဘူး။ ဒီမိုကရေစီနိုင်ငံတော်မှာ ဘယ်နေရာ ဘယ်ဒေသအထိ ဆန္ဒဖော်ထုတ်ခွင့်ရှိရပါမယ်"
မန္တလေးတိုင်းအတွင်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့ ဆန္ဒပြပွဲကို မန္တလေးတိုင်းတွင်းမှာ နေထိုင်သူ ၅၀ ခန့် ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။