မြစ်ဆုံမှာ စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်မှု ဒေသခံတွေ စိုးရိမ်

2021.11.23
မြစ်ဆုံမှာ စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်မှု ဒေသခံတွေ စိုးရိမ် ကချင်ပြည်နယ် မြစ်ဆုံမှာ စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်နေတာကို ၂၀၂၁ နိုဝင်ဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်
Photo: CJ

ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့မေလလောက်ကစပြီး မြစ်ဆုံနားမှာ လုပ်ငန်းရှင်တွေက စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်နေတာကြောင့် ရေကြီးလာရင် မြစ်ရေလမ်းကြောင်းလွဲပြီး မြစ်ဆုံပျက်စီးသွားမှာကို စိုးရိမ်နေ ကြရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မြစ်ဆုံစျေးတန်းရဲ့နောက်ဘက်မှာ မြေအောက် ပေ ၂၀၀ အောက်ထိ စက်ယန္တရားကြီးတွေနဲ့ တူးနေတာ ဖြစ်တယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။

“အခု ရွှေတူးနေတဲ့နေရာက အကွေ့လည်းဟုတ်တယ်။ နောက်ပြီးတော့ ရေစီးလည်း အရမ်းကြမ်းတဲ့နေရာ လည်းဟုတ်တယ်။ အဲဒီနေရာမှာ သူကရွှေတူးနေတာ အခုက အဲနေရာမှာတူးတာ နှစ်လလောက်ရှိလာပြီ။ အခုလည်း ဆက်လက်ပြီးမှ သူတို့တူးနေတော့ မိုးတွင်းကျရင် ရေကြီးလာတဲ့အချိန်ကျရင် တခါလည်း ရေလမ်းကြောင်းလွဲပြီးမှ မြစ်ဆုံစျေးတန်းလည်းပျောက်နိုင်တယ်။ တန်ဖရဲရွာလည်း တခါတည်း ရေလွှမ်း နိုင်တာပေါ့။ အဲလိုမျိုးဖြစ်လို့ အရမ်းစိုးရိမ်နေတယ်”

ရွှေတူးဖော်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ပိုမိုပျက်စီးလာမှာကို စိုးရိမ်နေကြတာလို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ် မြစ်ဆုံတဝိုက်မှာသာမက ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်မှာလည်း အလားတူ ရွှေတူးဖော်တာတွေ ပိုမိုတွေ့လာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြစ်ဆုံမှာ လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်က အခုလို ရွှေတူးဖော်မှုတွေရှိခဲ့ပေမဲ့ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းသွားပြီးနောက် ရွှေတူးဖော်မှုတွေလည်း ရပ်ဆိုင်းခဲ့ပါတယ်။

၂၀၁၅-၂၀၁၆ ခုနှစ်မှာလည်း လုပ်ငန်းရှင်တွေက အလားတူ နောက်ထပ်တူးဖော်မှုတွေရှိလာခဲ့ပေမဲ့ အစိုးရက ပိတ်ပင်ခဲ့ပြီးနောက် ရပ်တန့်နေခဲ့ရာကနေ အခု စစ်တပ်က အာဏာသိမ်းပြီးနောက် ရွှေတူးဖော်မှုတွေ တဖန်ပေါ်ပေါက်လာတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။