နမ့်ဖတ်ကာတိုက်ပွဲအတွင်း အရပ်သား ၁၈ ဦး သေဆုံးကြောင်း TWO ပြော
2024.01.25

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာမှာ ဒီဇင်ဘာလ ၂၉ ရက်ကနေ ဇန်နဝါရီလ ၂၅ ရက်နေ့အထိ စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ကြား တိုက်ပွဲတွေအတွင်း အရပ်သား ၁၈ ဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) က ထုတ်ပြန်ပါတယ်။
လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ထိခိုက်သေဆုံးခဲ့တာလို့ ဇန်နဝါရီ ၂၅ ရက်နေ့က TWO ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တိုက်ပွဲတွေအတွင်း ဘာသာရေးအဆောက်အဦနဲ့ နေအိမ်အများအပြားထိခိုက်ပျက်စီးမှုရှိပြီး တောထဲမှာ ထွက်ပြေးတိမ်းရှောင်ရင်း အစာရေစာပြတ်လပ်ပြီး သေဆုံးသွားသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
နမ့်ဖတ်ကာကျေးရွာမှာ နှစ်ဘက်တိုက်ပွဲတွေကြောင့် ဒေသခံ တစ်ထောင်ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရပြီး အခြေခံအစားအသောက်နဲ့ ဆေးဝါးတွေ အကူအညီလိုအပ်နေတယ်လို့လည်း TWO က ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအတွင်း အရပ်သားတွေ သေဆုံးဒဏ်ရာရကြောင်း TWO ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
နမ့်ဖတ်ကာတိုက်ပွဲအတွင်း လေကြောင်းကနေ ဗုံးလာကြဲတဲ့ စစ်ကောင်စီ ဂျက်တိုက်လေယာဉ်တစ်စင်းကိုလည်း အခုလ ၁၆ ရက်နေ့မှာ ပစ်ချနိုင်ခဲ့တယ်လို့ KIA ဘက်က ထုတ်ပြောထားပါတယ်။
နမ့်ဖတ်ကာ ကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ ခလရ (၁၂၃) တပ်ရင်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ဇန်နဝါရီ ၂၄ ရက်နေ့မှာ တိုက်ခိုက်သိမ်းယူခဲ့တယ်လို့လည်း ပြောထားပါတယ်။
မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ "၁၀၂၇ စစ်ဆင်ရေး"အတွင်း TWO ရဲ့မှတ်တမ်းတွေအရ နမ့်ဖတ်ကာကျေးရွာမှာ ဒေသခံ ၂၅ ဦး သေဆုံးခဲ့ပြီး ၂၈ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။