ရခိုင်ပြည်နယ်က နံ့သာကျွန်းကို အဏ္ဏဝါ အမျိုးသား ဥယျာဉ်အဖြစ် သတ်မှတ်

ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ်မှာရှိတဲ့ နံ့သာကျွန်းကို အဏ္ဏဝါ အမျိုးသားဥယျာဉ် အဖြစ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက သတ်မှတ် လိုက်ပြီလို့ ရခိုင် ဇီဝမျိုးစုံ မျိုးကွဲနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌ ဦးရန်နောင်စိုးက RFA ကို ပြောပါတယ်။
ဇီဝမျိုးစုံ မျိုးကွဲတွေကို ကာကွယ်ထိန်းသိမ်းဖို့ အတွက် အဲဒီ နံ့သာကျွန်းဧရိယာကို ကွင်းဆင်း ဆောင်ရွက်ပြီး အဏ္ဏဝါ အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ပေးဖို့ ပြီးခဲ့တဲ့ ၂၀၁၈၊ ၂၀၁၉ ခုနှစ်ကတည်းက ပြည်ထောင်စုအစိုးရကို တင်ပြထားခဲ့တာလို့ ဦးရန်နောင်စိုးက ပြောပါတယ်။
“အဏ္ဏဝါ အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ပေးဖို့ အဆိုပြုတင်ထားတာ ကြပါပြီ။ ဒီနှစ်မှာပဲ သတ်မှတ်တာပေါ့။ အရင်တုန်းကလည်း နိုင်ငံတကာပညာရှင်တွေ ကွင်းဆင်း ဆောင်ရွက်တာရှိတယ်။ သူတို့ရဲ့ အစီရင်ခံစာကိုလည်း နိုင်ငံတော် အဆင့်အထိ တင်ထားတယ်။ ဒီနေရာက တကယ် အရေးကြီးတယ်။ ဆောင်းခိုငှက်တွေ သိန်းချီ ခိုလှုံတဲ့ ဒေသဖြစ်တယ်။ ဒါကြောင့် ဒီနေရာကို မဖြစ်မနေ ထိန်းသိမ်းဖို့ လိုအပ်တယ် ဆိုပြီး အခုလို သတ်မှတ်လိုက်တာပါ”
နံ့သာကျွန်းဟာ စစ်တွေမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်အတွင်း မေယုမြစ်ဝနဲ့ ဘင်္ဂလား ပင်လယ်အော်ကြားမှာတည်ရှိပြီး ရေမြေဧရိယာ ၂၂၉၇၉ ဧက ကျယ်ဝန်းပါတယ်။
အဲဒီ နံ့သာကျွန်းမှာ မျိုးသုဥ်းလုနီးပါး ကမ္ဘာ့ရှားပါး ဆောင်းခိုငှက်တွေဖြစ်တဲ့ ရေညှောင့် နှုတ်ဝိုင်းငှက်၊ နော်မန်ခြေစိမ်း၊ နှုတ်သီးကောက်ကြီး၊ နော့၊ နှုတ်သီးရှည်မြှီးမည်း စတဲ့ ငှက်တွေအပြင် ပင်လယ်လိပ်၊ ဧရာဝတီလင်းပိုင်၊ ကမ်းရိုးတန်းတစ်လျှောက် ဒီရေတော တွေနဲ့ ငါး၊ ပုစွန်၊ ကဏန်းစတဲ့ သတ္တဝါတွေ ကျက်စားရာဒေသ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အခုလို အဏ္ဏဝါ အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်လိုက်တာကြောင့် ဇီဝမျိုးစုံ မျိုးကွဲတွေကို အရင်ကထက် ပိုပြီး ကာကွယ်ထိန်းသိမ်းနိုင်တော့မှာဖြစ်သလို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာမယ်ဆိုရင် ဒေသခံပြည်သူတွေလည်း အလုပ်အကိုင် အခွင့်အလမ်း ပေါ်လာမယ်လို့လည်း ဆိုပါတယ်။
အဏ္ဏဝါ အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်လိုက်လို့ နံ့သာကျွန်း ဧရိယာအတွင်းက သတ္တဝါတွေကို ဖမ်းဆီး သတ်ဖြတ်တာ၊ ကျူးကျော် ဝင်ရောက်နေထိုင်တာ၊ မြေတူးတာ စတာတွေ တားမြစ်ထားပြီး ဖောက်ဖျက်ကျူးလွန်ရင် ဥပဒေအရ အရေးယူခံရမယ်လို့လည်း ဆိုပါတယ်။
အဲဒီ နံ့သာကျွန်းဟာ ရေဝပ်ဒေသ အချက် ၅ ချက်နဲ့ ပြည့်စုံတယ်ဆိုပြီး ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် မေလ ၂၁ ရက်ကလည်း ရမ်ဆာရေဝပ်ဒေသ ထိန်းသိမ်းရေးနယ်မြေ (Ramsar State) အဖြစ် ရမ်ဆာကွန်ဗန်းရှင်းက သတ်မှတ်ခံထားရတဲ့ ကျွန်းလည်း ဖြစ်ပါတယ်။