နောင်ချိုမြို့နယ် ကျောက်ကြမ်းရွာခံ ၁၅ ဦး ဖမ်းဆီးခံရပြီး ရှစ်ဦး ပြန်လွတ်လာ
2023.11.05
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် ကျောက်ကြမ်းရွာထဲကို နိုဝင်ဘာလ ၄ ရက် မနေ့မနက် ၁၀ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူ ၁၅ ဦးကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဘယ်နေရာကို ဖမ်းသွားလဲ အတိအကျမသိပေမယ့် နိုဝင်ဘာလ ၅ ရက် ဒီနေ့နေ့လယ်မှာတော့ ရှစ်ဦးကို ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အဖမ်းခံရသူတွေရဲ့ ဖုန်းတွေကို သိမ်းယူထားလိုက်ပြီး ရှစ်ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့က သူတို့ (စစ်ကောင်စီ) စစ်ကြောင်းထိုးရင်းနဲ့ ရွာက အိမ်မှာရှိတဲ့သူတွေကို ဝင်ဖမ်းသွားတယ်။ ဒီနေ့တော့ ပြန်လွှတ်ပေးလိုက်တယ်တဲ့။ တချို့လူတွေပဲ ကျန်တယ်ခင်ဗျာ။ ဖုန်းတွေကတော့ သူတို့ ယူထားလိုက်တယ်တဲ့။ အခု ရှစ်ယောက်တော့ လွတ်လာပြီလို့ ကြားတယ်။ အခြေအနေ တိတိကျကျကို ဖုန်းလိုင်းမကောင်းတော့ မသိရသေးဘူး”
ကျန်တဲ့ ခုနစ်ဦး ပြန်လည်လွတ်မြောက်ဖို့အတွက် ရွာလူကြီးတွေနဲ့ အတူ ကူညီဆောင်ရွက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွာသားတွေ ဖမ်းဆီးခံခဲ့ရတဲ့ ကျောက်ကြမ်းရွာဟာ အိမ်ခြေ ၁၂၀ နဲ့ လူဦးရေ လေးရာနီးပါးရှိတဲ့ရွာပါ။
ဒေသခံ အများစုကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြောက်ပိုင်း မဟာမိတ်အဖွဲ့ရဲ့ စစ်ဆင်ရေး ၁၀၂၇ စတင်ခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်ကတည်းက ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပြီး လူနည်းစုသာကျန်ခဲ့တာလို့ ဆိုပါတယ်။
ကျောက်ကြမ်းရွာနဲ့ အနီးတစ်ဝိုက်မှာ နိုဝင်ဘာလ ၄ ရက် မနေ့ ညနေပိုင်းကစပြီး လျှပ်စစ်မီးတွေ ဖြတ်တောက်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာလ ၅ ရက်ဒီနေ့မှာတော့ ကျောက်ကြမ်းရွာအနီး တိုက်ပွဲတွေ ငြိမ်နေပေမယ့် ရွှေညောင်ပင်ရွာ ဘက်မှာတော့ စစ်ရဟတ်ယာဉ်တွေဝဲနေပြီး တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြည်သူတွေ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA ကဒီနေ့ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်တော် (AA) နဲ့ TNLA တို့ဟာ စစ်ဆင်ရေးအမှတ် (၁၀၂၇) ကို ကြေညာပြီး လားရှိုးမြို့အပါအဝင် ကွမ်းလုံ၊ သိန္နီ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ နမ့်ခမ်း၊ ကွတ်ခိုင်က စစ်ကောင်စီတပ်စခန်းတွေကို အောက်တိုဘာ ၂၇ ရက်ကစပြီး တိုက်ခိုက်ခဲ့တာပါ။
၁၀၂၇ စစ်ဆင်ရေး ကိုးရက်မြောက်နေ့အထိ ရှမ်းပြည်နယ် မြောက်ပိုင်းက စစ်ကောင်စီ တပ်စခန်း တစ်ရာကျော်ကို သိမ်းထားနိုင်ခဲ့တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က နိုဝင်ဘာလ ၄ ရက် မနေ့က ထုတ်ပြန်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ မြောက်ပိုင်းသုံးဖွဲ့အပြင် မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် MDY-PDF၊ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော်(BPLA)၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) တို့လည်း ပါဝင်ပါတယ်။