မျိုးဆက်သစ်တွေအတွက် ဝိုင်းဝန်းကြိုးစားကြဖို့ တိုက်တွန်း
နေပြည်တော်မှာ မနေ့က ကျင်းပခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ် NCA လက်မှတ်ထိုးခြင်း တစ်နှစ်ပြည့်အခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား အဖွဲ့အစည်း အားလုံး ဒေါသ၊ အာဃာတနဲ့ နာကြည်းချက်တွေကို အတိတ်မှာထားပြီး ဒုက္ခနဲ့ သောကတွေကနေ တိုင်းပြည်ရဲ့ မျိုးဆက်သစ်တွေ ကင်းဝေးနိုင်ရေးအတွက် အားလုံး ဝိုင်းဝန်း ကြိုးစားကြပါလို့ မေတ္တာရပ်ခံလိုက်ပါတယ်။
-
2016-10-15 -
-
-
နေပြည်တော်မှာ မနေ့က ကျင်းပခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA လက်မှတ်ထိုးခြင်း တစ်နှစ်ပြည့်အခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား အဖွဲ့အစည်းအားလုံး ဒေါသ၊ အာဃာတနဲ့ နာကြည်းချက်တွေကို အတိတ်မှာ ထားပြီး ဒုက္ခနဲ့ သောကတွေကနေ တိုင်းပြည်ရဲ့ မျိုးဆက်သစ်တွေ ကင်းဝေးနိုင်ရေးအတွက် အားလုံး ဝိုင်းဝန်း ကြိုးစားကြပါလို့ မေတ္တာရပ်ခံလိုက်ပါတယ်။
တစ်ဖွဲ့နဲ့ တစ်ဖွဲ့ တိုက်ခိုက်နိုင်စွမ်းအားတွေကို မပြိုင်ကြပဲ ဘယ်သူက ပိုပြီးသဘောထားကြီးနိုင်သလဲ ဆိုတာကိုပဲ ပြိုင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုခဲ့ပါတယ်။
"အစိုးရအဖွဲ့၊ တပ်မတော်အဖွဲ့၊ တိုင်းရင်းသားများ အဖွဲ့အစည်းများ အားလုံးဟာ ဘယ်သူတွေက ပိုပြီးတော့ သဘောထားကြီးနိုင်သလဲ၊ ဘယ်သူတွေက ပိုပြီးတော့ ခွင့်လွှတ်သည်းခံနိုင်မလဲ၊ ဘယ် သူတွေက ပိုပြီးတော့ နိုင်ငံရဲ့အနာဂတ်ကို အတိတ်ထက်ပိုပြီးတော့ ပိုပြီးတော့ တန်ဖိုးထားနိုင်မလဲဆို တဲ့ နေရာမှာတော့ ဒါပြိုင်ကြပါလို့ ကျမက ပြောချင်ပါတယ်၊ တိုက်ခြင်းခိုက်ခြင်း အရည်အချင်းကို ပြိုင်မယ့်အစား မီးငြိမ်းအောင်လုပ်နိုင်မယ့် အင်အားကိုပြိုင်ကြပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်"
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က အပစ်အခတ်ရပ်စဲရေးစာချုပ် တနှစ်ပြည့်ပြီဖြစ်ပေမယ့် မထိုးရသေးတဲ့ အဖွဲ့တွေထဲက တစ်ခုမှထပ်ပြီး မထိုးကြသေးတာဟာ အင်မတန် ဝမ်းနည်းစရာကောင်းကြောင်း၊ ငြိမ်းချမ်းရေးကို ဘယ်သူတွေက လိုလားပြီး ဘယ်သူတွေက မလိုလားဘူးဆိုတာကို ပြည်သူတွေ မကြာခင်မြင်တွေ့ရ မှာဖြစ်ကြောင်း ပြောပါတယ်။
တဆက်တည်းမှာပဲ ရခိုင်ပြည်နယ်မှာ ပဋိပက္ခမီးတွေ တောက်လောင်နေကြောင်းနဲ့ ပြည်သူတွေရဲ့ လုံခြုံရေး အတွက် ဥပဒေဘောင်ထဲကနေ သတ္တိရှိရှိနဲ့ ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
အဲဒီ အခမ်းအနားမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NCA စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ NCA စာချုပ်ကို ကျော်လွန်ပြီး အမျိုးသားအဆင့် ဆွေးနွေးပွဲတွေကို သွားဖို့ကြိုးစားနေတာဟာ မသင့်တော်ဘူးလို့ ပြောပါတယ်။
"ဒီ NCA စာချုပ်ဟာ အစိုးရတရပ်တည်းရဲ့ သဘောထားအမြင်၊ တပ်မတော်ရဲ့ သဘောထားအမြင်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ရဲ့ သဘောထားအမြင် မဟုတ်ခဲ့တဲ့ NCA စာချုပ်ထဲမှာပါဝင်တဲ့ သဘောတူညီချက်အားလုံးဟာ တိုင်းရင်းသားလက်နက်ကိုင်များက တင်ပြချက်များအပေါ်မှာ အခြေခံပြီး နိုင်ငံတော်ဘက်က ညှိနှိုင်းဆောင်ရွက်ခဲ့တာသာဖြစ်ပါတယ်၊ NCA ကို လက်မှတ်ရေးထိုးခြင်း မရှိဘဲနဲ့ NCA စာချုပ်ပါကိစ္စရပ်တွေကို ကျော်လွန်ပြီး အမျိုးသားအဆင့် ဆွေးနွေးပွဲတွေကို သွားဖို့ကြိုး စားနေခြင်းဟာလည်း မသင့်တော်ပါဘူး"
မနေ့ကကျင်းပတဲ့ NCA နှစ်ပတ်လည် အခမ်းအနားကို အစိုးရ၊ တပ်မတော်၊ လွှတ်တော်နဲ့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ အပါအဝင် လူဦးရေ စုစုပေါင်း ၃ဝဝ ကျော် တက်ရောက်ခဲ့ပါတယ်။