NCA ၂နှစ်ပြည့် လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေပါ ဖိတ်ကြားမည်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးတဲ့ ၂ နှစ်ပြည့် အခမ်းအနားကို တက်ရောက်ဖို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့အပါအဝင် NCA မှာ လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ဖိတ်ကြားမယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။

နေပြည်တော်မှာ ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ကကျင်းပခဲ့တဲ့ NCA လက်မှတ်ရေးထိုးခြင်း တစ်နှစ်ပြည့် အခမ်းအနားကို တွေ့ရစဉ်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးတဲ့ ၂ နှစ်ပြည့် အခမ်းအနားကို တက်ရောက်ဖို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့အပါအဝင် NCA မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေကို ဖိတ်ကြားမယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ က ပြောပါတယ်။

ဒီကနေ့ နေပြည်တော်မှာ အခမ်းအနားကျင်းပရေးအတွက် အစိုးရနဲ့ အစည်းအဝေးကျင်းပရာမှာ ဖိတ်ကြားဖို့ ဆုံးဖြတ်လိုက်တာလို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

‘’မနှစ်ကထက်စာရင်တော့ ဒီနှစ်ဖိတ်ကြားတဲ့အထဲမှာ NCA မထိုးသေးတဲ့အဖွဲ့တွေပေါ့၊ မြောက်ပိုင်း အဖွဲ့ရော ချင်းမိုင်အဖွဲ့တွေလည်း ထပ်ဖိတ်ကြားထားတာပါတယ်ဗျ’’

NCA လက်မှတ်ရေးထိုးတဲ့ ၂ နှစ်ပြည့် အခမ်းအနားကို လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့ မှာ နေပြည်တော် မြန်မာကွန်ဗင်းရှင်းစင်တာ ၁ မှာ ကျင်းပမှာဖြစ်ပါတယ်။

အဲဒီအခမ်းအနားကျင်းပဖို့အတွက် အစိုးရနဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့တို့က ပူးပေါင်းစီစဉ်တာဖြစ်တယ်လို့ ပြောပါတယ်။

အခမ်းအနားကို နိုင်ငံတော်အကြီးအကဲတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်တွေ တက်ရောက်ကြမှာဖြစ်သလို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်း တက်ရောက်ဖို့အတွက် ဖိတ်ကြားမယ်လို့ ပြောပါတယ်။

NCA စာချုပ်မှာ ကရင်အမျိုးသားအစည်းအရုံး KNU၊ ရခိုင်လွတ်မြောက်ရေးပါတီ ALP၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO၊ ချင်းအမျိုးသားတပ်ဦး CNF၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၊ ကရင်ငြိမ်းချမ်းရေးကောင်စီ  KNLA/PC နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ဟာ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးထားကြတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org