ဖက်ဒရယ်မူတွေ ချမှတ်ရေးမှာ ပါဝင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဖိတ်ခေါ်


2017.10.15
dassk-nca-622.jpg NCA လက်မှတ်ရေးထိုးခြင်း (၂)နှစ်မြောက် အထိမ်းအမှတ်နေ့ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် မိန့်ခွန်းပြောကြားစဉ်
Photo: Myanmar State Counsellor Office's facebook

အစိုးရနဲ့ အပစ်ရပ်စာချုပ် NCA မှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေကို အနာဂတ် နိုင်ငံတော်အတွက် ဖက်ဒရယ်အခြေခံမူတွေ ချမှတ်တဲ့ လုပ်ငန်းစဉ်တွေမှာ ပါဝင်နိုင်ဖို့ ဖိတ်ခေါ်တယ်လို့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ပါတယ်။

ဒီကနေ့ နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ ၂ မှာ ကျင်းပတဲ့ နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးမှု ၂ နှစ်ပြည့် အခမ်းအနားမှာ ဒေါ်အောင်ဆန်း စုကြည် က အပစ်ရပ် လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ တံခါးဖွင့်ထားကြောင်း ထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

"ကျမတို့ အစိုးရအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စတင်ခဲ့ချိန်မှာ NCA လက်မှတ်ရေးထိုးဖို့ ညှိနှိုင်းဆဲ အဖွဲ့တွေ ရှိနေသလို အခြားတဘက်မှာလည်း NCA ကို လက်မခံနိုင်သေးတဲ့ အဖွဲ့တွေ ရှိနေခဲ့ပါတယ်။ ဒီအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ငြိမ်းချမ်းရေး တံခါးဖွင့်ထားပြီး လက်ကမ်းကြိုဆိုလျက် ရှိနေပါ တယ်။ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ အားလုံးလက်ခံနိုင်တဲ့ အခြေခံမူတွေ ဖြစ်အောင်ရည်ရွယ် ပြီး ဆွေးနွေး ညှိနှိုင်းခဲ့ကြတာ ဖြစ်ပါတယ်။ NCA လက်မှတ်မထိုးဘဲ ကျန်နေသေးတဲ့ အဖွဲ့တွေ အားလုံး အနေနဲ့လည်း အနာဂတ် နိုင်ငံတော်အတွက် ဖက်ဒရယ် အခြေခံမူတွေ ချမှတ်တဲ့ လုပ်ငန်းစဉ်တွေမှာ ပါဝင်နိုင်ဖို့ အစဉ်အမြဲ ဖိတ်ခေါ် ထားပါတယ်။"

လက်ရှိ NCA စာချုပ်ကို ဝေဖန်မှုတွေ ရှိနေပေမယ့် စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက် ကိုင်တွေရဲ့ နယ်မြေတွေမှာ တိုးတက်မှုတွေရှိနေပြီဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒါ့အပြင် ဒီနှစ်အတွင်းမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံအစည်းအဝေးကို တစ်ကြိမ်ထပ်ပြီး ကျင်းပဖို့ ရှိသလို လာမယ့် ၂၀၁၈ ခုနှစ်မှာ ၂ ကြိမ်ကျင်းပမယ်လို့လည်း ပြောပါတယ်။

အဲဒီ အစည်းအဝေးတွေမှာ ဖက်ဒရယ် အခြေခံမူတွေကို အပြီးအပြတ်ဆွေးနွေးနိုင်အောင် ကြိုးပမ်းကြဖို့ လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီမှုစာချုပ် NCA ကို ပြီးခဲ့တဲ့ အစိုးရလက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့က လက်မှတ်ရေးထိုး ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ကျန်ရှိနေသေးပြီး အဲဒီအထဲက ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် ၅ ဖွဲ့ကတော့ NCA လက်မှတ်ရေးထိုးနိုင်ဖို့ ညှိနှိုင်းဆွေးနွေးနေပါတယ်။

၀ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးရေး ကော်မတီ FPNCC အဖွဲ့ဝင်ဖြစ်တဲ့ မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ကတော့ NCA လမ်းကြောင်းကို ငြင်းဆို ထားပြီး အခြားနည်းနဲ့ နိုင်ငံရေး ဆွေးနွေးဖို့ တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။