စစ်ကောင်စီရဲ့ NCA ရှစ်နှစ်ပြည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အယုံအကြည်မရှိကြောင်း APHR ထုတ်ပြန်

အရပ်သားတွေကို အကြိမ်ကြိမ်တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အယုံအကြည်မရှိဘူးလို့ APHR အဖွဲ့က ဆိုပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ရှစ်နှစ်မြောက် အခမ်းအနားကို တက်ရောက်လာသူတွေများအား တွေ့ရစဉ်။ AFP

အရပ်သားတွေကို အကြိမ်ကြိမ် ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အယုံအကြည်မရှိကြောင်း အာဆီယံနိုင်ငံတွေက လွှတ်တော်အမတ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ APHR အဖွဲ့က အောက်တိုဘာလ ၁၇ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့က နေပြည်တော်မှာ စစ်ကောင်စီကကျင်းပခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ရှစ်နှစ်ပြည့် အခမ်းအနားနဲ့ပတ်သက်ပြီး အခုလို ပြောဆိုလိုက်တာပါ။

ဒီအခမ်းအနားမတိုင်ခင် ရက်အနည်းငယ်အတွင်းမှာပဲ စစ်ကောင်စီတပ်က ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည် စခန်းကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီလိုအခမ်းအနားမျိုး ကျင်းပရုံနဲ့ စစ်ကောင်စီက ငြိမ်းချမ်းရေး လိုလားနေတယ်ဆိုပြီး သက်သေပြဖို့ မလုံလောက်တာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ထင်ယောင်ထင်မှား မဖြစ်ကြဖို့လည်း ပြောထားပါတယ်။

ထိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးက စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ခဲ့တာကို စိတ်ပျက်မိတယ်လို့လည်း APHR ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီက ကျင်းပတဲ့ NCA ရှစ်နှစ်ပြည့်အခမ်းအနားကို မြောက်ကိုးရီးယားသံအမတ်အပါအဝင် လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ၊ ဆော်ဒီအာရေဗျနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်တွေ တက်ရောက်ခဲ့ပါတယ်။ တရုတ်နိုင်ငံကတော့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီးကျွင်း (Deng Xijun) တက်ရောက်ခဲ့ပါတယ်။

NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁ဝ ဖွဲ့ထဲကတော့ ခုနစ်ဖွဲ့သာ တက်ရောက်ခဲ့ပြီး KNU၊ CNF၊ ABSDF က ကိုယ်စားလှယ်တွေတော့ မတက်ရောက်ခဲ့ပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org