တိုင်းပြည်အကျပ်အတည်းကို နိုင်ငံရေးနည်းနဲ့ ဆွေးနွေးအဖြေရှာဖို့ NCA လက်မှတ်ထိုးအဖွဲ့တွေ ဆုံးဖြတ်
အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ တစိုက်မတ်မတ် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပြီး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
- 2022-04-03
-
-
-
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (NCA-S EAO) တွေရဲ့ စတုတ္ထအကြိမ် ထိပ်သီးခေါင်းဆောင်များ ညီလာခံ ဒုတိယပိုင်းကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ မတ်လ ၂၉ ရက်ကနေ ဧပြီလ ၃ ရက်နေ့ထိ ကျင်းပခဲ့ပြီး (PPST) လို့ခေါ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ကို အသစ်ပြန်ဖွဲ့လိုက်သလို ဦးဆောင်မှုကော်မတီသစ်ကိုလည်း ဖွဲ့စည်းလိုက်ပါတယ်။ တစ်ဖွဲ့ကို ကိုယ်စားလှယ် နှစ်ယောက်နှုန်းနဲ့ ၁၄ ယောက် ပါဝင်တဲ့ အဖွဲ့သစ် ပြန်ဖွဲ့လိုက်တာပါ။
ဦးဆောင်မှုကော်မတီသစ်မှာ အဖွဲ့ခေါင်းဆောင်အဖြစ် မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဋ္ဌ နိုင်အောင်မင်းကို တာဝန်ပေးလိုက်ပြီး အဖွဲ့ဝင်တွေအဖြစ် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင်၊ ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA PC) က ဒေါက်တာနော်ကပေါထူး၊ ညှိနှိုင်းရေးမှူးအဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က ရဲဘော်မျိုးဝင်းတို့ကို တာဝန်ပေးအပ်လိုက်ပါတယ်။
လက်ရှိနိုင်ငံရေး အကျပ်အတည်းပြေလည်ဖို့ PPST အနေနဲ့ NCA နိုင်ငံရေးရည်မှန်းချက် ၇ ရပ်ကို အခြေခံပြီး သက်ဆိုင်သူအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှု ဖြစ်အောင် ဦးတည်ဆောင်ရွက်သွားမယ်လို့ မနေ့က ဧပြီလ ၃ ရက် ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
“အဓိကအားဖြင့် NCA ရဲ့ အနှစ်သာရနဲ့အညီ PPST ကို ကျမတို့ အသစ် ဖွဲ့စည်းနိုင်ခဲ့တယ်။ PPST ကို ဦးဆောင်မယ့် ကော်မတီကိုလည်း ဖွဲ့စည်းနိုင်ခဲ့တယ် ဆိုတာကိုပဲ အဓိကပြောချင်ပါတယ်။ နိုင်ငံရေးရည်မှန်းချက် ၇ ရပ်နဲ့အညီ ရှေ့ဆက်ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်” လို့ ပြောခွင့်ရပုဂ္ဂိုလ် ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ တစိုက်မတ်မတ် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပြီး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
အရေးပေါ် လိုအပ်နေတဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး ဆိုင်ရာတွေကိုလည်း နိုင်ငံတကာအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
ညီလာခံအဖွင့်မှာ ဦးဆောင်သဘာပတိအဖြစ် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ ရှမ်းပြည်ပြည်လည် ထူထောင်ရေးကောင်စီ(RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နဲ့ မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဋ္ဌ နိုင်ဟံသာ တို့ တက်ရောက်ခဲ့ပါတယ်။
ညီလာခံကို လူကိုယ်တိုင် တက်ရောက်တာရောနဲ့ အွန်လိုင်းကနေ ဗီဒီယိုနဲ့ တက်ရောက်တဲ့ နည်းနဲ့ပါ နည်းနှစ်မျိုးနဲ့ ကျင်းပခဲ့ပြီး (NCA-S EAO) ထိပ်သီးခေါင်းဆောင်တွေ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ (PPST) အဖွဲ့ဝင် ခေါင်းဆောင်တွေ၊ PPST ရဲ့အကြံပေးပုဂ္ဂိုလ်၊ NCA-S EAO ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမျိုးသမီးများရဲ့ ဦးဆောင်မှုမြှင့်တင်ရေး အစီအစဉ် (WLPP) ညှိနှိုင်းရေးမှူး၊ နိုင်ငံတကာသံတမန်တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ လေ့လာသူတွေအပါအဝင် ၁ဝဝ လောက် တက်ရောက်ခဲ့ပါတယ်။