ငြိမ်းချမ်းရေးလုပ်ငန်း ပြန်စနိုင်ရေး EAO ခေါင်းဆောင်တွေ ဆွေးနွေး
NCA လို့ခေါ်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်မှုရပ်စဲရေးစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ (NCA-S EAO) ရဲ့ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ပြန်စတင်နိုင်ရေးအတွက် ရန်ကုန်မြို့မှာ စက်တင်ဘာလ ၇ ရက်နေ့ကနေ ၉ ရက်နေ့အထိ ၃ ရက်ကြာ တွေ့ဆုံဆွေးနွေးနေပါတယ်။
-
2019-09-08 -
-
-
NCA လို့ခေါ်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်မှုရပ်စဲရေးစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ (NCA-S EAO) ရဲ့ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ပြန်စတင်နိုင်ရေးအတွက် ရန်ကုန်မြို့မှာ စက်တင်ဘာလ ၇ ရက်နေ့ကနေ ၉ ရက်နေ့အထိ ၃ ရက်ကြာ တွေ့ဆုံဆွေးနွေးနေပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းတွေ ပြန်စနိုင်ဖို့ အစိုးရက အဆိုပြုထားတဲ့ အချက်တွေ ပြန်လည်သုံးသပ်တယ်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်ဖို့ ဆောင်ရွက်ရာမှာ အပစ်ရပ်အဖွဲ့တွေသွားချင်တဲ့ ပုံစံရရှိလာအောင် အပစ်ရပ်အဖွဲ့ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးနေတယ်လို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါ်စောမြရာဇာလင်းက RFA ကို ပြောပါတယ်။
ဆွေးနွေးပွဲက ရရှိလာတဲ့ သဘောတူညီချက်တွေကို အစိုးရကိုယ်စားလှယ်တွေနဲ့ စက်တင်ဘာလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ ကျင်းပမယ့် ဆွေးနွေးပွဲမှာ EAO ခေါင်းဆောင်တို့က ပြန်လည်တင်ပြသွားမယ်လို့ ဆိုပါတယ်။
NCA အခန်း ၃ မှာ ပါဝင်တဲ့ တပ်ပိုင်းဆိုင်ရာကိစ္စရပ်တွေနဲ့ NCA စာချုပ်မှာ ပါဝင်တဲ့ ကြားကာလ ဆောင်ရွက်ရမယ့် ကိစ္စတွေ မဆောင်ရွက်နိုင်သေးတာတွေဟာ တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့ အဓိက ကြုံတွေ့နေရတဲ့ အခက်အခဲဖြစ်ကြောင်းလည်း ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
အစိုးရနဲ့ အပစ်ရပ်အဖွဲ့တွေဟာ တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ပြီးခဲ့တဲ့နှစ် မေလက ကျင်းပခဲ့ပြီးနောက် ပိုင်း ဆွေးနွေးပွဲ ပြန်လည်မကျင်းပနိုင်ခဲ့တာ တစ်နှစ်ကျော် ကြာလာပြီဖြစ်ပါတယ်။
ယခင်ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို လေ့လာသူအဖြစ် တက်ရောက်ခွင့်ပြုခဲ့ပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်လည်ကျင်းပမယ်ဆိုရင် အပစ်မရပ်သေးတဲ့ လက်နက်ကိုင်အဖွဲ့တွေ တက်ရောက်ခွင့် ရမလားဆိုပြီး RFA က မေးမြန်းရာမှာတော့ EAO အဖွဲ့ဝင်တွေက အားလုံးပါဝင်ရေးမူကို လက်ကိုင်ထားပြီး အစိုးရနဲ့ ဆက်လက်ဆွေးနွေးသွားမှာဖြစ်ကြောင်းလည်း ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
ဒီနေ့ကျင်းပတဲ့ အစည်းအဝေးကို NCA အပစ်ရပ်စာချုပ်မှာ လက်မှတ်ရေးထိုးထားကြတဲ့ KNU၊ RCSS၊ ALP၊ CNF၊ DKBA၊ NMSP၊ LDU၊ KNU-LA (PC)၊ PNLO၊ ABSDF က ခေါင်းဆောင်တွေ တက်ရောက်ကြပါတယ်။
(RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့သည်)