အသက် ၁၈ နှစ်မပြည့်ဘဲ လက်ထပ်ထိမ်းမြားခွင့်ပြုတဲ့ ဥပဒေကို ကန့်ကွက်

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းမှာ အသက် ၁၈ နှစ် မပြည့်သေးသူတွေကိုပါ လက်ထပ်ခွင့်ပြုလိုက်တဲ့ ပြင်ဆင်ချက်ကို ကန့်ကွက်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ဒီနေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ရဲ့ ၂၀၁၈၊ ဒီဇင်ဘာ ၃ ရက်နေ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ် Photo: National Democratic Force Party

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းမှာ အသက် ၁၈ နှစ် မပြည့်သေးသူတွေကိုပါ လက်ထပ်ခွင့်ပြုလိုက်တဲ့ ပြင်ဆင်ချက်ကို ကန့်ကွက်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ဒီနေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အသက် ၁၈ နှစ်အောက်အရွယ်ဟာ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဖွံ့ဖြိုးမှုမရှိသေးတဲ့ အရွယ်ဖြစ်လို့ ဒီဥပဒေ ပြဌာန်းချက်ကို အတည်ပြုလိုက်ရင် ဓလေ့ထုံးတမ်းတွေအရ လက်ထပ်ခြင်းအားလုံးကို အတည်ပြုရာရောက်ကြောင်းနဲ့ မြန်မာနိုင်ငံသားတွေအပေါ် အကာအကွယ်ပြုထားတဲ့ ဥပဒေတွေကို ချိုးဖောက်ဖျက်စီးရာ ရောက်နေကြောင်း NDF ရဲ့ သဘောထားထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အသက် ၁၂ ကနေ အသက် ၁၈နှစ် အတွင်းလွတ်လပ်စွာ ဥပဒေအကန့်အသတ်မဲ့ အိမ်ထောင်ပြုခွင့်ပေးရာ ရောက်နေကြောင်းနဲ့ လူမှုလွတ်လပ်ခွင့်၊ လူမှုဘဝကာကွယ်ခွင့်ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ထိခိုက်လာနိုင်တဲ့အတွက် NDF ပါတီအနေနဲ့ စိုးရိမ်တယ်လို့လည်း ပါရှိပါတယ်။

ဒါကြောင့် အဲဒီအချက်ကို မပြင်ဆင်ဘဲ မူလအတိုင်း ဆက်လက်ထားရှိပေးဖို့ တောင်းဆိုထားပါတယ်။

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခဲ့ပြီး လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အသက်အရွယ်ကို ၁၈ နှစ်မပြည့်ရင်လည်း ခွင့်ပြုသင့်ကြောင်းနဲ့ ဓလေ့ထုံးစံအတိုင်း လက်ထပ်နိုင်ကြောင်း ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

မူလဥပဒေကြမ်းမှာတော့ လက်ထပ်ထိမ်းမြားနိုင်တဲ့ အသက်ဟာ တည်ဆဲဥပဒေနဲ့ ဓလေ့ထုံးတမ်း ဥပဒေအတိုင်းဖြစ်ရမယ်လို့ ပါရှိတာဖြစ်ပြီး ထိမ်းမြားခြင်း စာချုပ်ချုပ်ဆိုရင် ပဋိညာဉ်ပြုနိုင်တဲ့အသက် ၁၈ နှစ်ပြည့်ပြီး ဖြစ်ရမယ်လို့ ပါရှိတာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီကတော့ အသက် ၁၈ နှစ်ပြည့်ပြီး ဖြစ်ရမယ်ဆိုတာကို ထည့်ရင် ဓလေ့ထုံးစံအရ လက်ထပ်ထိမ်းမြားမှုတွေမှာ ဥပဒေနဲ့မညီ ဖြစ်သွားနိုင်တာကြောင့် ၁၈ နှစ်ပြည့်ပြီး ဖြစ်ရမယ်ဆိုတဲ့အချက်ကို ပြင်ဆင်လိုက်တာလို့ ဆိုထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org