စစ်ကောင်စီကြောင့် သေဆုံးသူ ကိုးရာနီးပါးရှိလာ

2021.06.21
စစ်ကောင်စီကြောင့် သေဆုံးသူ ကိုးရာနီးပါးရှိလာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့က လူငယ်တွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ၂၀၂၁၊ ဇွန် ၁၉ ရက်နေ့က ဆန္ဒပြကြစဉ်
Photo: Myint Maung Maung

စစ်အာဏာသိမ်းတာ ငါးလနီးပါးရှိလာခဲ့ပြီး စစ်ကောင်စီရဲ့အကြမ်းဖက်နှိမ်နင်းမှုတွေ မပြတ်တမ်း ရှိနေပေမယ့်လည်း အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြမှုတွေက မြန်မာနိုင်ငံ အနှံ့အပြားမှာ မနေ့ကအထိ ပုံစံမျိုးစုံနဲ့ နေ့စဉ်ရှိနေပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ချက်ချင်းရပ်ဖို့ အကြိမ်ကြိမ် သတိပေးတိုက်တွန်းနေပေမယ့်လည်း သတ်ဖြတ်မှုတွေ၊ ဖမ်းဆီးမှုတွေက နေ့စဉ်ရှိနေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး AAPP ရဲ့ မနေ့က နောက်ဆုံးထုတ်ပြန်ချက်အရ စစ်ကောင်စီလက်ချက်နဲ့ သေဆုံးရသူပေါင်း ၈၇၂ ယောက်ရှိပြီး အဖမ်းခံထားရသူပေါင်းက ငါးထောင်ကျော် ရှိနေပါတယ်။ ဖမ်းဝရမ်းထုတ်ခံထားရသူပေါင်းကလည်း နှစ်ထောင်နီးပါး ရှိနေတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီနဲ့ အပေါင်းအပါတွေကို ဗုံးခွဲတိုက်ခိုက်မှုတွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေကလည်း နိုင်ငံအနှံ့အပြားမှာ ရှိနေပြီး စစ်ကောင်စီတပ်တွေကို ရရာလက်နက်နဲ့ ခုခံတိုက်ခိုက်မှုတွေလည်း တိုးလာနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။