တရုတ်ပိုက်လိုင်းစောင့် ရဲသုံးဦး သတ်ဖြတ်မှု ရွာသား ကိုးယောက် အဖမ်းခံရ

2021.05.19
တရုတ်ပိုက်လိုင်းစောင့် ရဲသုံးဦး သတ်ဖြတ်မှု ရွာသား ကိုးယောက် အဖမ်းခံရ မြန်မာကနေ တရုတ်နိုင်ငံကို ပို့ဆောင်တဲ့ ဂတ်စ်ပိုက်လိုင်း တစ်နေရာကို ၂၀၁၂၊ ဇန်နဝါရီ ၂၃ ရက်နေ့က တွေ့ရစဉ်
Photo: RFA

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ တောမရွာအနီးမှာ မေလ ၅ ရက်နေ့က တရုတ်ပိုက်လိုင်းစောင့်နေတဲ့ ရဲကင်းကို ဓားတွေနဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့လို့ ရဲသုံးယောက် သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး၊ ဒေသခံရွာသား ကိုးယောက်ကို ဖမ်းဆီးထားတယ်လို့ မေလ ၁၉ ရက် ဒီကနေ့ထုတ် မန္တလေးနေ့စဉ်သတင်းစာမှာ စစ်ကောင်စီက ဖော်ပြထားပါတယ်။

အဲဒီအမှုနဲ့ပတ်သက်ပြီး ပီနံအိတ်စက်ရုံက ကိုဇင်မျိုး ကို မေလ ၁၅ ရက်နေ့က သူအလုပ်လုပ်ရာ ပီနံအိတ်စက်ရုံနဲ့ ကျန် ရှစ်ဦးကို မေလ ၁၆ ရက်နေ့မှာ သူတို့ရဲ့နေအိမ်တွေကနေ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ဖော်ပြထားပါတယ်။

ဖမ်းဆီးခံထားရသူတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ပြီး၊ ထွက်ပြေးလွတ်မြောက်နေတဲ့ ဦးဆောင်သူတွေကို အရေးယူနိုင်ဖို့ ပိတ်ဆို့ ဆောင်ရွက်နေတယ်လို့လည်း မန္တလေးနေ့စဉ်သတင်းစာမှာ ဖော်ပြထားပါတယ်။

တောမရွာသားတစ်ယောက်ကတော့ “ဒီလူ ကိုးယောက်ဟာ အမှန်တကယ် ပြစ်မှုကျူးလွန်သူတွေမဟုတ်ဘဲ သံသယနဲ့ ဖမ်းဆီးခံရတာ ဖြစ်နိုင်တယ်” လို့ RFA ကို ပြောပါတယ်။

စစ်တပ်ဟာ အထက်က ဖိလာရင် အပြစ်ရှိရှိ မရှိရှိ နီးရာလူကို သံသယနဲ့ ဖမ်ဆီးတတ်တာမို့ အယုံအကြည်မရှိဘူးလို့ ကျောက်ဆည်မြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။

“အထက်ကဖိမှာ ကြောက်တော့ အောက်ကသူတွေက မပေါ်လည်းပေါ်တယ်ဆိုပြီး လုပ်နေကြအကွက် တွေပဲ။ ပြည်သူတွေက တစ်သားတည်းဖြစ်နေတယ်။ စစ်အာဏာရှင်ကို ရွံမုန်းနေတာ။ ပြည်သူကိုသစ္စာ မရှိတဲ့ ဝန်ထမ်းတွေ ပြည်သူတွေက မျက်ကွယ်မပြုကြောင်း ထင်ထင်ရှားရှားပြလိုက်တာပဲ။"

မေလ ၅ ရက်နေ့ မနက်ငါးနာရီကျော်လောက်က စဉ့်ကိုင်မြို့နယ်၊ တောမရွာအနီးမှာ တရုတ်နိုင်ငံကို သွယ်တန်းထားတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို လုံခြုံရေးယူ ကင်းစောင့်နေတဲ့ ရဲတွေကို၊ အမည်မသိလူ အယောက် ၂၀ လောက်က ဓားနဲ့ ဝင်ခုတ်သွားတာပါ။

အဲဒီနေ့က ရဲကင်းမှာ ရဲခြောက်ယောက် တာဝန်ကျပေမယ့် ရဲအရာရှိက နေအိမ်မှာ ပြန်ရောက်နေတာကြောင့်၊ အောက်လက်ငယ်သား ငါးဦး ကင်းစောင့်နေတာလို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီ ငါးဦးကို အမည်မသိ လူတစ်စုက ဓါးနဲ့ဝင်ခုတ်ရာမှာ ရဲသုံးဦး သေဆုံးပြီး ကျန်နှစ်ဦး ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ တောမရွာသားတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။