မန္တလေးသပိတ်အင်အားစုဝင် လူငယ်ကိုးဦး အဖမ်းခံရပြီးပျောက်နေ
မန္တလေးတိုင်း အမရပူရမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်တွေမှာ နေထိုင်တဲ့ မန္တလေးသပိတ်အင်အားစုက လူငယ် ကိုးဦးဟာ ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့က ဖမ်းဆီးခံလိုက်ရပြီးနောက် ဒီနေ့အထိ ပျောက်ဆုံးနေတယ်လို့ သပိတ်အင်အားစုအဖွဲ့ဝင်တွေက ပြောပါတယ်။
- 2022-04-06
-
-
-
မန္တလေးတိုင်း အမရပူရမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်တွေမှာ နေထိုင်တဲ့ မန္တလေးသပိတ် အင်အားစုက လူငယ် ကိုးဦးဟာ ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့က ဖမ်းဆီးခံလိုက်ရပြီးနောက် ဒီနေ့အထိ ပျောက်ဆုံးနေတယ်လို့ သပိတ်အင်အားစုအဖွဲ့ဝင်တွေက ပြောပါတယ်။
ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေတဲ့သူတွေကတော့ ကိုဟိန်းမင်းဇော်၊ ကိုအောင်ဇော်မြင့်၊ ကိုနိုင်လင်းထွန်း၊ ကိုကျော်စိုးမိုး၊ ကိုကျော်မင်းထွန်း၊ ကိုထက်ကိုကို အမျိုးသား ခြောက်ဦးနဲ့ မသဲစု၊ မဂျာဆိုင်းအောင်၊ မကြယ်စင်လင်း အမျိုးသမီး သုံးဦး ဖြစ်ပါတယ်။
"စစ်တပ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောတာတော့ ကိုးယောက်လုံး အဖမ်းခံလိုက်ရတယ်လို့ ပြောတယ်"
ဖမ်းဆီးခံရသူတွေဟာ ကျန်းမာရေး ကောင်းမွန်သူတွေဖြစ်တာကြောင့် သူတို့ရဲ့ အသက် အန္တရာယ်အတွက် စစ်ကောင်စီက တာဝန်ယူရမယ်လို့ မန္တလေးသပိတ်အင်အားစု အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
"အဖမ်းခံရပြီး အဆက်အသွယ်ပြတ်သွားတာက ကိုးယောက်။ စစ်တပ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောတာတော့ ကိုးယောက်လုံး အဖမ်းခံလိုက်ရတယ်လို့ ပြောတယ်။ Safe House နှစ်လုံး ဝင်စီးခံလိုက်ရတယ်။ ဖမ်းဆီးခံရတဲ့အချိန်မှာ အကုန်လုံးက ကျန်းမာရေး ကောင်းမွန်တဲ့သူတွေဖြစ်လို့ ဖမ်းခံရပြီးနောက်ပိုင်း ကိစ္စအဝဝက စစ်ကောင်စီနဲ့ပဲ သက်ဆိုင်တယ်"
အခု ဖမ်းဆီးခံရသူတွေဟာ အသက် ၂၀ ကျော် လူငယ်တွေဖြစ်ပြီး ကျောင်းသားတွေနဲ့ စီးပွားရေး လုပ်ကိုင်နေသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက်ပိုင်း အဆက်သွယ်မရဖြစ်ပြီး သေဆုံးသွားတဲ့ဖြစ်ရပ် တွေလည်း ရှိနေတာကြောင့် အခု အဖမ်းခံရသူတွေအတွက် စိုးရိမ်ပူပန်နေကြပါတယ်။ ဖမ်းဆီးခံရသူတွေရဲ့ အသက်အန္တရာယ်ကို စိတ်ပူနေတယ်လို့ သံဃသမဂ္ဂအဖွဲ့က အရှင် ရာဇဒမ္မက မိန့်ကြားပါတယ်။
"ဒီကလေးတွေရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်အတွက်ကို စိုးရိမ်တယ်။ စစ်ကောင် စီက ရန်သူပီသကြောင်း ပြသွားတာပါ။ သူ့ကို ဆန့်ကျင်သူမှန်သမျှကို လူပဲဖြစ်ဖြစ်၊ ဘုန်းကြီးပဲဖြစ်ဖြစ် အပြတ်နှိမ်နင်းမယ်လို့ ၂၇ ရက်နေ့မှာ ပြောထားတာရှိတယ်"
ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ကလည်း ဆန္ဒပြနေတဲ့ ကိုကျော်စွာဝင်းကို စစ်ကောင်စီက ရိုက်နှက်ဖမ်းဆီးသွားတဲ့နောက် ကျန်းမာရေးနဲ့ အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့ လူငယ် ကိုးဦးနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
စစ်အာဏာသိမ်းမှုကို နေ့စဉ်နီးပါး ဆန္ဒပြနေတဲ့ သပိတ်အင်အားစုအဖွဲ့ဝင်တွေ ခပ်စိတ်စိတ် ဖမ်းဆီးခံရတာတွေ အခုလပိုင်းတွေမှာ ပိုများလာတယ်လို့ သပိတ်အင်အားစုအဖွဲ့ဝင်တွေက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို နိုင်ငံတကာအဖွဲ့စည်းတွေက နှုတ်ဆိတ်နေတယ်လို့ မန္တလေးမြို့က ကိုထက်မြတ်အောင်က မြင်ပါတယ်။
"စစ်ကောင်စီဟာ ဒီမိုကရေစီအရ သွားမယ်လို့ပြောနေပေမယ့် ဆန္ဒပြတဲ့သူတွေကို တောင် ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်တာတွေ ဆက်တိုက်လုပ်နေတဲ့အခါကျတော့ ဘယ်လိုဆက်လုပ်ကြမလဲဆိုတာ မေးခွန်းထုတ်စရာတွေရှိတယ်။ UN နဲ့ အာဆီယံကို အထွေထူးပြောရမယ့်သူတွေလို့ မယူဆနိုင်တော့ဘူး။ ဒီလောက်ဖြစ်နေတဲ့ ကိစ္စတွေမှာ လုံးဝကို နှုတ်ဆိတ်နေကြတယ်ဆိုတဲ့ အခြေအနေမျိုးက မတရားအသင်းများဖြစ်နေကြ ပြီလားဆိုတာ မေးခွန်းထုတ်စရာရှိတယ်"
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဧပြီလ ၅ ရက် ဒီနေ့အထိ ဖမ်းဆီးခံ ထားရသူ စုစုပေါင်း တစ်သောင်းကျော် (၁၀၀၅၄ ဦး) ရှိပြီး ၉၂၉ ဦးကတော့ ထောင်ဒဏ် အသီးသီး ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။