ဖမ်းဆီးခံ ပြည်ခရိုင် ဗ.က.သ ဥက္ကဋ္ဌဟောင်း ဇနီးနဲ့ နှစ်နှစ်အရွယ်ကလေး ဖမ်းဆီးခံရ

2022.05.09
ဖမ်းဆီးခံ ပြည်ခရိုင် ဗ.က.သ ဥက္ကဋ္ဌဟောင်း ဇနီးနဲ့ နှစ်နှစ်အရွယ်ကလေး ဖမ်းဆီးခံရ ပြည်ခရိုင် ဗကသ ဥက္ကဋ္ဌဟောင်း ကိုစိုးမြတ်မင်းအား ဆန္ဒပြပွဲတစ်ခုတွင် တွေ့ရစဉ်
ဓာတ်ပုံ-မြေလတ်အသံ

ပဲခူးတိုင်း ပြည်ခရိုင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း ကိုစိုးမြတ်မင်းကို စစ်ကောင်စီက ဖမ်းဆီးပြီး ငါးရက်အကြာ မေလ ၈ ရက် မနေ့က သူ့ဇနီးနဲ့ နှစ်နှစ်အရွယ်ကလေးကို ထပ်မံဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါ တယ်။

ကိုစိုးမြတ်မင်းဟာ ပြည်မြို့မှာ မေလ ၃ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး သူ့ရဲ့ ဇနီး မစုဝေဖြိုးနဲ့ ကလေးကိုတော့ ပြည်ခရိုင် ရွှေတောင်မြို့နယ်က ရွာတစ်ရွာမှာ ဖမ်းဆီးခံ ခဲ့ရတာလို့ ကိုစိုးမြတ်မင်းရဲ့ မိတ်ဆွေတစ်ဦးက RFA ကို ပြောပါတယ်။

“ဖမ်းတာကတော့ သူ့ဇနီးနဲ့ သားလေးကို မနေ့က နေ့လယ် နှစ်နာရီလောက်မှာ လာဖမ်းသွားတာ။ ကိုစိုးမြတ်မင်းရော၊ သူ့မိသားစုကိုရော ဘယ်ကိုဖမ်းခေါ်သွားတယ် ဆိုတာတော့ မသိရသေးဘူး။ နှစ်နှစ်သား ကလေးပါ ပါသွားတယ်ဆိုတော့ စိတ်ပူနေ ရတယ်”

ကိုစိုးမြတ်မင်းဟာ ၂၀၁၇ ခုနှစ်လောက်မှာ ပြည်ခရိုင် ဗ.က.သ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်မှာတော့ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာကြောင့် ရာဇသတ်ကြီးပုဒ်မ- ၅၀၅-က နဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူ ဖြစ်ပါတယ်။

ကိုစိုးမြတ်မင်း ဖမ်းဆီးခံရတဲ့ မေလ ၃ ရက်နေ့ တစ်ရက်တည်းမှာပဲ ပြည်မြို့မှာ ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးနဲ့ လူငယ်တစ်ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီသင်းအုပ်ဆရာရဲ့ ဝက်ထီးကန် ကျောက်ကွင်းရွာက ခရစ်ယာန် ဘုရားကျောင်းကိုလည်း ဝင်ရောက်စီးနင်းခံခဲ့ရပါတယ်။

အခုဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက တစ်စုံတစ်ရာထုတ်ပြန်တာမျိုးတော့ မတွေ့ရသေးပါဘူး။

အခုရက်ပိုင်းတွေမှာ ပြည်မြို့မှာ စစ်ကောင်စီကို နည်းမျိုးစုံနဲ့ ဆန့်ကျင်တော်လှန်နေ တယ်လို့ သံသယရှိသူတွေကို ညပိုင်းနေအိမ်တွေမှာ ဝင်ရောက်ဖမ်းဆီးတာ၊ လမ်းပေါ်မှာ အရပ်ဝတ်တွေနဲ့ ဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ပြည်မြို့ခံတွေက ပြောဆိုကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။