NLD အမတ် ဒေါ်ဖြူဖြူသင်း မိသားစုအိမ် ဝရမ်းကပ်ခံရ

2022.03.04
NLD အမတ် ဒေါ်ဖြူဖြူသင်း မိသားစုအိမ် ဝရမ်းကပ်ခံရ တောင်ဥက္ကလာပမြို့နယ်၊ ၇ ရပ်ကွက်၊ (၁၁) လမ်းမှာရှိတဲ့ ဒေါ်ဖြူဖြူသင်းရဲ့ မိခင်နေအိမ်ကို ၂၀၂၂ မတ်လ ၄ ရက်နေ့က တွေ့ရစဉ်
Photo: CJ

နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ NLD ပါတီ ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကို လာမယ့် မတ်လ ၁၈ ရက်နေ့မှာ တရားရုံးကို လာရောက်အမှုရင်ဆိုင်ဖို့နဲ့ နေအိမ်ကိုပါ သိမ်းဆည်းဖို့ စစ်ကောင်စီက မတ်လ ၄ ရက် ဒီနေ့မနက်က နေအိမ်မှာ ဝရမ်းလာကပ်သွားတယ်လို့ ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။

ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးရဲ့ အဲဒီဝရမ်းစာကို တောင်ဥက္ကလာပမြို့နယ်၊ ၇ ရပ်ကွက်၊ (၁၁) လမ်းမှာရှိတဲ့ မိခင်ဖြစ်သူရဲ့ အိမ်မှာ လာကပ်သွားတာလို့ ဒေါ်ဖြူဖြူသင်းက ပြောပါ တယ်။

"စစ်ကောင်စီက ပိုင်ဆိုင်မှုကို ချိပ်ပိတ်တာ မဟုတ်ဘဲ မိသားစုဝင်တွေကို ရန်ရှာတဲ့ သဘောမျိုးပဲ။ အခုက တခြားမိသားစုဝင်တွေ ပိုင်ဆိုင်တဲ့၊ မဆိုင်တဲ့ ပိုင်ဆိုင်မှုတွေကိုပါ ချိပ်ပိတ်နေတာ"

လက်ရှိမှာ ဒေါ်ဖြူဖြူသင်းဟာ တိမ်းရှောင်နေရတာဖြစ်ပြီး အဲဒီအိမ်မှာတော့ မိသားစုဝင် တွေသာ ဆက်လက်နေထိုင်နေကြတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ဒေါ်ဖြူဖြူသင်းကို တရားစွဲဆိုထားတဲ့ နိုင်ငံတော်သစ္စာဖောက် ဖျက် ပုန်ကန်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ - ၁၂၂ ဟာ သေဒဏ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မ တစ်ခု ဖြစ်ပါတယ်။

ဒဂုံမြို့သစ်အရှေ့ပိုင်းမှာ ဒေါ်ဖြူဖြူသင်း ဦးဆောင်ဖွင့်လှစ်ထားတဲ့ Nature AIDS Center (N.A.C) ဂေဟာမှာ ဦးစီးလုပ်ကိုင်နေတဲ့ ကိုရာဇာကိုလည်း မတ်လ ၂ ရက်နေ့က စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး မတ်လ ၃ ရက်နေ့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ငွေကြေးခဝါချမှုဥပဒေတွေနဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်း ရဲစခန်းမှာ အမှုဖွင့်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။