ကျန်ရှိနိုင်ငံရေး အကျဉ်းသားတွေအတွက် NLD ထောက်ပံ့ငွေ ပေးအပ်
အကျဉ်းထောင်တွေမှာ မလွတ်မြောက်ဘဲ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် NLD ပါတီ ဗဟိုလူမှုအထောက်အကူပြု အဖွဲ့က ပေးအပ်လိုက်တဲ့ ထောက်ပံ့ငွေကို မန္တလေး-အိုးဘိုထောင်က နိုင်ငံရေးအကျဉ်းသား ၈၈ ဦးအတွက် လိုက်လံ ပေးအပ်နေကြောင်း သိရပါတယ်။
-
2012-05-07 -
-
-
နိုင်ငံရေးအကျဉ်းသား တဦးအတွက် ကျပ်ငွေ ငါးထောင်စီကို မန္တလေးတိုင်း လူမှုအထောက်အကူပြုအဖွဲ့က တာဝန်ယူပြီး ပေးပို့ခဲ့တာဖြစ်ကြောင်း မန္တလေးတိုင်းစည်း-အဖွဲ့ဝင် ဒေါ်ဝင်းမြမြက RFA ကို အခုလို ပြောပါတယ်။
"မန္တလေး အကျဉ်းထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား ၈၈ ယောက်အတွက်ကို ဗဟိုကနေပြီးတော့မှ ထောက်ပံ့ပါတယ်။ ကျွန်မ မနေ့တုန်းကဆိုရင် ကျောက်ဆည်ကို သွားခဲ့ပါတယ်။ ကျောက်ဆည်မှာ ဆရာတော် သံဃာတော်များ အတွက်ကိုတော့ မကြာသေးခင်မှ လွတ်ထားတဲ့ ဆရာတော် ဦးသီဟဆီမှာ လွှဲအပ်ပြီးတော့မှ ဘုန်းကြီး ၂၂ ပါး အတွက်ကို ဝထ္ထု ငါးထောင်နှုန်း ကပ်ခဲ့ပါတယ်။ အနယ်နယ် အရပ်ရပ်က မုံရွာတို့၊ ပျော်ဘွယ်တို့၊ ပခုက္ကူတို့က သံဃာတော်က ၁၄ ပါးပါ။ တခါ ကျောက်ဆည်မြို့ပေါ်က မန္တလေးထောင်ထဲရောက်နေတဲ့ နိုင်ငံရေး အကျဉ်းသား ၃၈ ဦးအတွက်ကိုကျတော့ မိသားစုဝင်တွေဆီကိုပဲ လွဲခဲ့ပြီးတော့မှ သူတို့ကနေ တဆင့်ပို့ပေးပါလိမ့်မယ်"
အိုးဘိုထောင်မှာ လက်ရှိ ကျန်နေရတဲ့ ကျောက်ဆည်မြို့က သံဃာတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်သူ အရပ်သားတွေဟာ ကျောက်ဆည်မှာ ဖြစ်ပွားခဲ့တဲ့ ဗုဒ္ဓဘာသာ-အစ္စလမ် ဘာသာရေး ခိုက်ရန်ဖြစ်ပွားမှုအတွင်း အဖမ်းဆီးခံခဲ့ရသူတွေ ဖြစ်ကြပါတယ်။
မနက်ဖြန်မှာလည်း ဒေါ်ဝင်းမြမြနဲ့အဖွဲ့ဟာ (၈၈) ဦးထဲက ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့မိသားစုနဲ့ သွားရောက်တွေ့ဆုံပြီး အကူငွေတွေ ပေးအပ်ဦးမယ်လို့ သိရပါတယ်။