ဦးဖြိုးမင်းသိန်းကို ပါတီက သတိပေးဆုံးမကြောင်း ကြေညာ ချက်ထုတ်

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အပေါ် ပြောကြားချက်နဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို သတိပေးဆုံးမလိုက်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို တွေ့ရစဉ် Photo: Aung Thain Kha/RFA

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အပေါ် ပြောကြားချက်နဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို သတိပေးဆုံးမလိုက်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။

ဦးဖြိုးမင်းသိန်းကို ပါတီက သတိပေးဆုံးမလိုက်တယ်ဆိုတဲ့ ထုတ်ပြန်ချက်ကို မနေ့က ထုတ်ပြန်လိုက်တာဖြစ်တယ် လို့ ပါတီရဲ့ ပြန်ကြားရေး တာဝန်ခံဖြစ်တဲ့ မုံရွာဦးအောင်ရှင်က အတည်ပြု ပြောကြားပါတယ်။

"ဦးဖြိုးမင်းသိန်းကို သတိပေး ဆုံးမလိုက်သည်ဆိုတဲ့ စကားလုံးပဲ ပါပါတယ်ခင်ဗျ။ ခေါ်ယူတယ် ဆိုတာတောင် ကျနော်တို့ မတွေ့ရဘူးခင်ဗျ။ ဟုတ်ပါတယ်။ အဲဒါ အမှန်ပါပဲခင်ဗျ"

ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့က ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ် မှာကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အရပ်သားအုပ်ချုပ်ရေးစနစ် တက်လာပေမယ့် အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးဆိုတာ ဒီမိုကရေစီခေတ်မှာ မရှိကြောင်းနဲ့ ကာကွယ်ရေးဦးစီးချုပ်ဆိုတာ ပရိုတိုကောအရဆိုရင် ညွှန်ကြားရေးမှူးချုပ် အဆင့်ပဲရှိတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အဲဒီ ပြောကြားမှုနဲ့ပတ်သက်ပြီး ဦးဖြိုးမင်းသိန်းကို အရေးယူပေးဖို့အတွက် တပ်မတော်ဘက်က အစိုးရကို တိုင်ကြား ခဲ့သလို ဦးဖြိုးမင်းသိန်းဟာ အစိုးရနဲ့ တပ်မတော်ကြား ရေရှည်ဆက်ဆံရေးကို အခက်အခဲဖြစ်စေမယ့်သူဖြစ်တယ် လို့လည်း တပ်မတော်ဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

သမ္မတရုံး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း ဦးဖြိုးမင်းသိန်းရဲ့ အဲဒီပြောကြားမှုဟာ အစိုးရရဲ့ သဘောထားမဟုတ်ဘူးလို့ ပြောကြားထားပါတယ်။

တပ်မတော်ရဲ့ တိုင်ကြားမှုနဲ့ပတ်သက်ပြီးတော့ အစိုးရဘက်က ဇူလိုင်လ ၁၃ ရက်နေ့က တပ်မတော်ကို အကြောင်းပြန်ကြားထားသလို ဦးဖြိုးမင်းသိန်းကိုလည်း လုပ်ဆောင်ရမယ့်ကိစ္စတွေကို အစိုးရအဖွဲ့က ညွှန်ကြားထားတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org