ရန်ကုန်ဝန်ကြီးချုပ်ဟာ တပ်နဲ့ အစိုးရဆက်ဆံရေးကို ခက်ခဲစေနိုင်သူလို့ ထုတ်ပြန်


2017.07.13
phyominthein-620.JPG ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ အစိုးရနဲ့ တပ်မတော်၊ တိုင်းရင်းသားပြည်သူလူထုနဲ့ တပ်မတော်ကြား ရေရှည်ဆက်ဆံရေးကို အခက်အခဲဖြစ်လာစေနိုင်သူ တစ်ဦးဖြစ်တယ်လို့ တပ်မတော်ဘက်က မနေ့က သဘောထားထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့က ရန်ကုန်မြို့မှာကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခုမှာ ဦးဖြိုးမင်းသိန်းက အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးဆိုတာ ဒီမိုကရေစီခေတ်မှာ မရှိကြောင်းနဲ့ ကာကွယ်ရေးဦးစီးချုပ်ဆိုတာ ညွှန်ကြားရေးမှူးချုပ် အဆင့်ပဲရှိတယ်လို့ ပြောကြားခဲ့တဲ့အပေါ် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က မနေ့က ဒုတိယမြောက် ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ရဲ့ပြောကြားချက်ဟာ ထိပ်တိုက်တွေ့ဆုံရေးပုံစံမျိုး ပြောကြားခဲ့တာဖြစ်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ပြည်ပခရီးသွားရောက်နေစဉ်အတွင်း အခုလို တိုက်ရိုက်ပုတ်ခတ်ပြောဆိုတာဟာ တပ်မတော် အကြီးအကဲနဲ့ တပ်မတော်ပုံရိပ်ကို ကျဆင်းစေဖို့ တိုက်ရိုက်ထိပါးစော်ကားတာလို့ ယူဆကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါကြောင့် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောကြားချက်နဲ့ပတ်သက်ပြီး နိုင်ငံတော်အစိုးရအနေနဲ့ လိုအပ်သလို စိစစ်အရေးယူပေးဖို့ တပ်မတော်က ဇူလိုင် ၁၁ ရက်နေ့မှာ အစိုးရထံတင်ပြထားတာ ဖြစ်တယ်လို့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီလို တိုင်ကြားထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သမ္မတရုံးဝန်ကြီးဌာနကို RFA က ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်း မရှိပါဘူး။

လက်ရှိအစိုးရလက်ထက် ထုတ်ပြန်ထားတဲ့ ပြည်ထောင်စုအင်္ဂါစဉ်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ ရာထူးအဆင့်သတ်မှတ်ချက် ၈ နေရာမှာရှိနေသူဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။