NLD ဗဟိုအလုပ်အမှုဆောင်နှင့် စစ်ကိုင်းတိုင်း ကိုယ်စားလှယ်များဆွေးနွေး
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စစ်ကိုင်းတိုင်းက ကိုယ်စားလှယ်တွေနဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်တွေ မတ်လ ၁၆ ရက် ဒီကနေ့ ရန်ကုန် ဌာနချုပ်ရုံးမှာ တွေ့ဆုံ ဆွေးနွေးကြပြီး ပါတီရေးရာ ကိစ္စတွေနဲ့ ဒေသတွင်း အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။
-
2011-03-16 -
-
-
စစ်ကိုင်းတိုင်း မြို့နယ်အသီးသီးက ကိုယ်စားလှယ် ၅၃ ဦးနဲ့ စစ်ကိုင်းတိုင်း တိုင်းစည်းရုံးရေး ကော်မတီက အဖွဲ့ဝင် ၉ ဦး စုစုပေါင်း စစ်ကိုင်းတိုင်းက ၆၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ထူးခြားတဲ့ အခြေအနေတွေကတော့ ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ တိုင်း ဖြစ်တာကြောင့် စစ်အစိုးရက ၂၀၀၃ ခုနှစ်နောက်ပိုင်းကတည်းက အပြင်းအထန် ဖိနှိပ်တာတွေ ရှိခဲ့ကြောင်း၊ ဒါကြောင့် လူမှု ကူညီထောက်ပံရေး ကိစ္စတွေကိုတောင် လုပ်ဆောင်နိုင်ဖို့ ခက်ခဲကြောင်း၊ အခမဲ့ဆေးခန်း၊ အခမဲ့စာသင်ကျောင်း ဖွင့်လှစ်တာမျိုးကို ပိတ်ပင်တာတွေ ရှိကြောင်း ကိုယ်စားလှယ်တွေက တင်ပြခဲ့ပါတယ်။
ဒါ့အပြင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စအဖြစ် အထူးသဖြင့်တော့ ကသာနယ်အတွင်း သစ်တောတွေကို စက်ယန္တရားကြီးတွေကို အသုံးပြုပြီး၊ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက် စတဲ့သစ်မာတွေ အပါအဝင် သစ်မျိုးစုံကို ခုတ်လဲှပြီး နေ့စဉ် တန်ချိန် ထောင်နဲ့ သောင်းနဲ့ ချီကာ၊ တရုတ်ပြည်ကို တင်ပို့နေတာကြောင့် တရွာနဲ့ တရွာ လှမ်းမြင်ရလောက်အောင် ကွင်းပြင်တွေအဖြစ် သစ်တောတွေ ပြုန်းတီးကုန်ကြောင်း တင်ပြကြပါတယ်။
ဒါ့အပြင် ပါတီစည်းရုံးရေးနဲ့ လူမှုကူညီရေး လုပ်ငန်းတွေ လုပ်ဆောင်နိုင်တာ၊ အခြေအနေ တိုးတက်မှု ရှိလာတာတွေကိုလည်း အချို့မြို့နယ်တွေက တင်ပြကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က အခုလို နိဂုံးချုပ် ပြန်လည် ဆွေးနွေးပါတယ်။
“ကျွန်မတို့ ငြိမ်းချမ်းတဲ့ နည်းကို ရွေးတယ်ဆိုတာ မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲ ဖြစ်စေချင်လို့ ရှိလို့ ရှိရင် အကြမ်းဖက်တဲ့ နည်းကို မသုံးပဲနဲ့ ဖြစ်နိုင်တယ်ဆိုတဲ့ အစဉ်အလာကို ကျွန်မတို့ ခိုင်မြဲအောင် လုပ်ဖို့ ဖြစ်ပါတယ်။”
အခက်အခဲ အမျိုးမျိုးကြားမှာ ကြိုးပမ်းဆောင်ရွက်နေရတဲ့ အခြေအနေတွေကို ပြောကြားခဲ့သလို ပြည်သူ့ ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူတွေရဲ့ အခြေအနေတွေကို မပြတ်သိနေဖို့ လိုအပ်ကြောင်း၊ ဒါ့အပြင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ နည်းလမ်းကျကျ ပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ အကြမ်းမဖက် ပြောင်းလဲနိုင်တယ်ဆိုတဲ့ အစဉ်အလာကို ဖြစ်မြောက်အောင် ကြိုးပမ်းဆောင်ရွက်ကြဖို့ စတာတွေ အပါအဝင် အရေးကြီးတဲ့ လမ်းညွှန်ချက်တွေကို ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဒုဥက္ကဋ္ဌ ဦးတင်ဦးနဲ့ အလုပ်အမှုဆောင် ဦးဝင်းတင်တို့ကလည်း လုပ်ဆောင်သင့်တဲ့ နည်းနာတွေကို ညွှန်ပြခဲ့ကြကြောင်း သိရှိရပါတယ်။