မွန်ပြည်သစ်ပါတီ NCA မှာ လက်မှတ်ထိုးမည်

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို မွန်ပြည်သစ်ပါတီက လက်မှတ်ထိုး သွားဖို့အတွက် ပါတီဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တစ်ဦးက အတည်ပြု ပြောကြားလိုက်ပါတယ်။

မွန်ပြည်သစ်ပါတီခေါင်းဆောင်တွေကို ၂ဝ၁၇ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့က နေပြည်တော်မှာ တွေ့ရစဉ် Photo: Myanmar State Counsellor Office's Facebook

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို မွန်ပြည်သစ်ပါတီက လက်မှတ်ထိုးသွားဖို့အတွက် ပါတီ ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တစ်ဦးက အတည်ပြု ပြောကြားလိုက်ပါတယ်။

မွန်ပြည်နယ်၊  ရေးချောင်းဖျားဒေသမှာရှိတဲ့ ဗဟိုဌာနချုပ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ နဲ့ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မွန်ပြည်သစ်ပါတီရဲ့ ဗဟိုကော်မတီအစည်းအဝေးမှာ NCA လက်မှတ်ထိုးဖို့ ဆုံးဖြတ်ခဲ့တာလို့ အမည်မဖော်လိုတဲ့ ပါတီဗဟိုကော်မတီဝင်တစ်ဦးက RFA ကို ပြောပါတယ်။

NCA လက်မှတ်ကို ဘယ်နေ့ဘယ်ရက်မှာ လက်မှတ်ထိုးမယ်ဆိုတာ လက်ရှိအချိန်မှာ မပြောနိုင်သေးပဲ မွန်ပြည်သစ် ပါတီက ဥက္ကဌအဖြစ်ဆောင်ရွက်နေတဲ့ UNFC အဖွဲ့ဝင်တွေကိုလည်း အဲဒီဆုံးဖြတ်ချက်ကို ချပြဆွေးနွေးရဦးမယ် လို့ ပြောပါတယ်။

ဒါပေမဲ့ တခြား UNFC အဖွဲ့ဝင်တွေ NCA လက်မှတ်ထိုးမလားဆိုတာကတော့ တစ်ဖွဲ့ချင်းစီရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်တယ်လို့ ပြောပါတယ်။

UNFC အဖွဲ့က NCA လက်မှတ်ထိုးဖို့အတွက် အစိုးရကို အချက် ၈ ချက်ကို တင်ပြထားတာရှိပြီး လက်ရှိအချိန် အထိတော့ ဘယ်လောက်သဘောတူညီမူ ရနေတယ်ဆိုတာကို နှစ်ဖက်လုံးက ဖြေကြားမှုမရှိသေးပါဘူး။

လာမယ့် ဇန်နဝါရီလ နောက်ဆုံးပတ်လောက်မှာ ကျင်းပဖို့ရှိတဲ့ တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံမတိုင်မှီ မွန်ပြည်သစ်ပါတီ လက်မှတ်ထိုးနိုင်မလားဆိုတဲ့ စဉ်းစားချက်တွေရှိပေမယ့် အတိအကျတော့ မပြောနိုင်သေးဘူးလို့ သိရပါတယ်။

ဗဟိုဌာနချုပ်မှာ ပြုလုပ်ခဲ့တဲ့ အရေးပေါ်အစည်းအဝေးမှာ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေး အခြေအနေတွေကို သုံးသပ် ခဲ့ကြပြီး တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့အတူ NCA စာချုပ်မှာ လက်မှတ်ထိုးဖို့  နည်းလမ်းရှာဖွေ သွားမယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့က မွန်ပြည်သစ်ပါတီရဲ့ အင်တာနက်ဖေ့စ်ဘွတ်စာမျက်နှာမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

UNFC အဖွဲ့မှာ မွန်ပြည်သစ်ပါတီ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP၊ ရခိုင်အမျိုးသားကောင်စီ ANC နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ ပါဝင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org