အပစ်ရပ် လက်မှတ်ထိုးပွဲ ဦးအေးသာအောင် မတက်၊ ဦးကိုကိုကြီးနဲ့ ဦးမြအေး တက်မည်

အပစ်ရပ်လက်မှတ်ထိုးမယ့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ (၈)ဖွဲ့ခေါင်းဆောင်တွေ နဲ့ အစိုးရတို့ နှစ်ဖက် သဘောတူညီမှုအရ ပြည်တွင်းက နိုင်ငံရေးခေါင်းဆောင် ၂၅ ဦးခန့်ကို အသိသက်သေအဖြစ် ဖိတ်ကြားထားပြီး ဘယ်သူတွေ တက်ရောက်မယ်ဆိုတာ ကိုတော့ မနက်ဖြန်နေ့လည်မှာ အတိအကျသိရမှာဖြစ်တယ် လို့ ဦးလှမောင်ရွှေ က ပြောပါတယ်။

UNA ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ နာယက ဦးအေးသာအောင်ကို တွေ့ရစဉ်

အပစ်ရပ်လက်မှတ်ထိုးမယ့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ (၈ )ဖွဲ့ခေါင်းဆောင်တွေနဲ့ အစိုးရတို့ နှစ်ဖက်သဘော တူညီမှုအရ ပြည်တွင်းက နိုင်ငံရေးခေါင်းဆောင် ၂၅ ဦးခန့်ကို အသိသက်သေအဖြစ် ဖိတ်ကြားထားပြီး ဘယ်သူတွေတက်ရောက်မယ်ဆိုတာကိုတော့ မနက်ဖြန်နေ့လည်မှာ အတိအကျ သိရမှာဖြစ်တယ်လို့ ဦးလှမောင်ရွှေ က ပြောပါတယ်။

"အခုဖိတ်ထားတာတော့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး၊ ဦးအေးသာအောင်၊ ဦးစိုင်း အိုက်ပေါင်း၊ ဒေါက်တာတူးဂျာ၊ နောက်ပြီးတော့ ၈၈ က ဦးကိုကိုကြီး တို့၊ ဦးမြအေးတို့လည်း ကျနော်တို့ဖိတ်ထား တယ်၊ နောက် UNA ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်၊ နောက် NLD ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်၊ နောက် ဦးခင်မောင်ဆွေတို့ အဲ့လိုမျိုး နှစ်ဖက်ညှိနှိုင်းပြီးတော့မှ အတည်ပြုထားတဲ့လူတွေပါ၊ နောက် တိုင်းရင်းသားတွေ ဖက်ကလည်း ချင်းကပုဂ္ဂိုလ်၊ ရှမ်းကပုဂ္ဂိုလ်၊ ကရင်က ပုဂ္ဂိုလ်၊ အားလုံးပေါင်း ၂၅ ယောက်လောက်တော့ ဖိတ်ထားတယ်၊ နောက်ပြည်ထောင်စုထက်မှာလည်း ဒီဟာကိုပါဝင်ပြီးတော့ကြိုးစားခဲ့တဲ့ ပုဂ္ဂိုလ်တွေလည်း ပါတယ်ခင်ဗျ၊ အဲ့ဒါတွေအားလုံးကိုတော့ဖိတ်နေတယ်၊ နက်ဖြန်နေ့လည် ၁၂ နာရီလောက်မှာ နောက်ဆုံး တက်ရောက်နိုင်တဲ့လူစာရင်းကိုတော့ရမှာပါ"

ဒါ့အပြင် အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးပွဲမှာ မပါဝင်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုလည်း ဖိတ်ကြားထားကြောင်း၊ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနဲ့ ဂျပန်နိုင်ငံ၊ ထိုင်း နိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ စတဲ့ ကိုယ်စားလှယ် အဖွဲ့ ၆ ဖွဲ့ ကိုလည်း အသိသက်သေအဖြစ် လက်မှတ်ရေးထိုးဖို့ ဖိတ်ကြားထားကြောင်း လည်း ဦးလှမောင်ရွှေက ပြောပါတယ်။ ပြည်ပအသိသက်သေတွေမှာလည်း ၅ ဖွဲ့က တက်ရောက်မယ်လို့ အကြောင်း ပြန်ထားပြီး အိန္ဒိယနိုင်ငံက အကြောင်း မပြန်သေးကြောင်းလည်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး၊ ဦးအေးသာအောင် နဲ့ နိုင်ငံရေးခေါင်းဆောင်တွေ အပါအဝင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း က ခေါင်းဆောင်တွေ၊ သက်ဆိုင်ရာ တိုင်းရင်းသား ကိုယ်စား ပြုသူတွေကို ဖိတ်ကြားထားတယ်လို့လည်း ဦးလှမောင်ရွှေ က ပြောပါတယ်။ ဒါပေမဲ့ အဲဒီ အပစ်ရပ် လက်မှတ်ရေးထိုးပွဲမှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာမဟုတ်ဘူးလို့ NLD ဗဟိုကော်မတီဝင် ဦးဝင်းထိန် က ပြောဆိုခဲ့သလို၊ ဦးခွန်ထွန်းဦးကလည်း တက်ရောက်မှာမဟုတ်ကြောင်း RFA ကို ပြောကြားခဲ့ပါတယ်။

အလားတူ ညီညွတ်သော တိုင်းရင်းသားလူမျိူးများ မဟာမိတ်အဖွဲ့(UNA) အဖွဲ့က ခေါင်းဆောင် ဦးအေးသာအောင် ကလည်း အဖွဲ့အစည်း အားလုံး မပါဝင် တာကြောင့် တက်ရောက်ဖို့ အစီအစဉ်မရှိဘူးလို့ ပြောပါတယ်။

၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီးနဲ့ ကိုမြအေးတို့ နှစ်ဦးကတော့ အသိသက်သေအဖြစ် သွားရောက်လက်မှတ်ရေးထိုးမယ် လို့ ပြောပါတယ်။ ဒီကနေ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံး မှာ RFA နဲ့ သီးသန့်တွေ့ဆုံရာမှာ ဦးကိုကိုကြီးက ပြောကြားခဲ့တာပါ။

"ဒီတစ်ခေါက်မှာတော့ အပစ်အခတ်ရပ်စဲရေးစာချုပ်ပြီးတာနဲ့ အပစ်အခတ်ရပ်စဲရေးကိုစောင့်ကြည့်တဲ့ အဖွဲ့တွေပေါ်ပေါက်လာဖို့ ကျနော်တို့ထူထောင်ရမှာဖြစ်တယ်၊ အဲ့အခါမှာနှစ်ဖက်အဖွဲ့အစည်းတွေ၊ နောက် တစ်ခါအရပ်ဖက်အဖွဲ့အစည်းတွေ၊ ဒေသခံပြည်သူတွေပါ ပါဝင်တဲ့ စောင့်ကြည့်လေ့လာရေးစနစ်တစ်ရပ်ကို ကျနော်တို့ ထူထောင်ဖို့လိုတယ်၊ အဲ့မှာလည်း ကျနော်တို့ ၈၈ မျိုးဆက်တွေအနေနဲ့ တတ်နိုင်သလောက် ပါဝင်ပြီးဆောင်ရွက်နိုင်ဖို့ ကျနော်တို့ ပြင်ဆင်သွားမှာပါ၊ အခုဟာ ကတော့ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးတဲ့အဆင့်က ပထမဦးဆုံးအဆင့်ပါ၊ အဲ့ဒါပြီးတော့မှ စောင့်ကြည့် လေ့လာရေးအဖွဲ့ကျနော် တို့ဖြစ်လာမယ်"

အသိသက်သေအဖြစ် လက်မှတ်ရေးထိုးပြီးရင် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေပူးပေါင်းပြီး စောင့် ကြည့်လေ့လာရေးအဖွဲ့ ဖွဲ့စည်းမယ်လို့ ဦးကိုကိုကြီး က ပြောပါတယ်။

အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးပွဲ အသိသက်သေအဖြစ် ဖိတ်ကြားမှု နဲ့ပတ်သက်ပြီး ဦးအေးသာအောင်ကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးပွဲ အသိသက်သေအဖြစ် ဖိတ်ကြားမှု နဲ့ပတ်သက်ပြီး ဦးကိုကိုကြီး ကို RFA သတင်းထောက် မမိုးကလျာဦး တွေ့ဆုံမေးမြန်း ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org