လက်ပံတောင်း အစီရင်ခံစာ လိုက်နာခြင်းမရှိ
လက်ပံတောင်းတောင် စုံစမ်း စစ်ဆေးရေးကော်မရှင်က တင်ပြထားတဲ့ အစီရင်ခံစာမှာ ပါဝင်တဲ့အချက်တွေကို ဝမ်ပေါင်ကုမ္ပဏီနဲ့ အစီရင်ခံစာ အကောင် အထည်ဖေါ်ရေးကော်မတီက လိုက်နာဆောင်ရွက်ခြင်း မရှိတာကြောင့် အခုလိုပဋိပက္ခတွေ ဆက်လက်ပေါ်ပေါက်နေ တာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ် ခင်စန်းလှိုင်က ဒီကနေ့ ပြစ်တင်ဝေဖန်လိုက်ပါတယ်။
-
2014-12-23 -
-
-
Your browser doesn’t support HTML5 audio
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်က တင်ပြထားတဲ့ အစီရင်ခံစာမှာပါဝင်တဲ့အချက်တွေကို ဝမ်ပေါင်ကုမ္ပဏီ နဲ့အစီရင်ခံစာ အကောင် အထည်ဖေါ်ရေး ကော်မတီက လိုက်နာဆောင်ရွက်ခြင်း မရှိတာကြောင့် အခုလို ပဋိပက္ခတွေ ဆက်လက် ပေါ်ပေါက်နေတာဖြစ်တယ် လို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဒီကနေ့ ပြစ်တင်ဝေဖန်လိုက်ပါတယ်။
လယ်ယာမြေလျော်ကြေးကိစ္စတွေအတွက် ကျေးရွာ သားတွေနဲ့ ပြေလည်အောင်ညှိနှိုင်းဖို့ ကော်မရှင် အစီရင် ခံစာမှာ ထည့်သွင်းတိုက်တွန်းထားပေမယ့် သက်ဆိုင် ရာတွေက အကောင်အထည်ဖေါ်လိုက်နာခြင်းမရှိဘူးလို့ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က ပြောပါတယ်။
"အစီရင်ခံစာမှာပါတဲ့ အချက်တွေကတော့ အဓိကအကောင်အထည်ဖော်ရမှာတော့ အကောင် အထည်ဖော်ရေးကော်မတီရဲ့ဥက္ကဌပေါ့နော်၊ ဒါကော်မတီဥက္ကဌနဲ့ ကော်မတီ ဝင်တွေမှာ တာဝန်တွေ အများကြီးရှိပါတယ်၊ ဒါပေမဲ့ တာဝန်ရှိတယ် ဆိုပေမဲ့ ဒီ ကော်မတီအနေနဲ့ အခုချိန်ထိ အစီရင်ခံစာ မှာပါတဲ့ အချက်အလက်တွေကို ပြည့်ပြည့်စုံစုံ ဆောင်ရွက်ပြီးတော့ မပေးနိုင်သေးဘူး၊ အစီရင်ခံစာမှာ လဲ ရေးထားပြီးသား ဒီဒေသခံ တွေ နဲ့ပြေလည်အောင်ညှိနှိုင်းပါဆိုတာမျိုးတွေ၊ လယ်ယာမြေလျော်ကြေးတွေ နဲ့ ပတ်သက်ပြီးတော့လည်း ရေးထားပြီးသား၊ ဒါပေမယ့် ဒီအထဲမှာပါတဲ့ အချက် အလက်တွေကိုမလိုက်နာဘူး၊ အခုချိန်ထိလဲဒါတွေကို မဆောင်ရွက်လို့ ဒီပြဿနာတွေက ဖြစ်လာတဲ့အတွက်ကြောင့်မို့လို့ ဒီဝမ်ပေါင်ကုမ္ပဏီ မှာလဲ တာဝန် ရှိသလို အဓိက တာဝန်အရှိဆုံးကတော့ အကောင်အထည်ဖော်ရေးကော်မတီမှာ တာဝန် အရှိဆုံးပါပဲ"
လာမယ့် ဇန်နဝါရီလ ပြန်လည်ကျင်းပမယ့် လွှတ်တော်အစည်းအဝေးမှာ လက်ပံတောင်းတောင်ပဋိပက္ခနဲ့ ပတ်သက်ပြီး အဆိုတင်သွင်းသွားမယ် လို့လည်း ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။
စုံစမ်းစစ်ဆေးရေးကော်မရှင်အစီရင်ခံစာ အကောင်အထည်ဖော်ရေးကော်မတီမှာ ဥက္ကဌအဖြစ် သမ္မတရုံးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းနဲ့ ဒုတိယ ဥက္ကဌ အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးတို့နဲ့အတူ စစ်ရေးချုပ်ရုံး ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ ဝမ်ပေါင်ကုမ္ပဏီ အမှုဆောင် ညွန်ကြားရေးမှူး၊ ပြည်ထောင်စု ဝန်ကြီးနဲ့ ဒုတိယဝန်ကြီး စသူတွေ ပါဝင်ပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကို RFA သတင်းထောက် မဝေယံမိုးမြင့် ကဆက်သွယ်မေးမြန်းထား ပါတယ်။