အသက်မပြည့်သေးသူတွေကို တပ်သားစုဆောင်းတာ မလုပ်ဖို့ NUG ထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို တပ်သားအဖြစ် စုဆောင်းတာတွေ မလုပ်ဖို့အပါအဝင် အချက် ခြောက်ချက်ကို လိုက်နာ ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က မတ်လ ၄ ရက် မနေ့က အသိပေး ထုတ်ပြန်လိုက်ပါတယ်။
NUG က ဒီလို ထုတ်ပြန်ပေမယ့် မြေပြင်မှာတော့ တော်လှန်ရေးမှာ ပါဝင်နိုင်တဲ့ အသက် ငယ်ရွယ်သူတွေကို ခွင့်ပြုရတာမျိုး ရှိနိုင်တယ်လို့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက မြန်မာ့တော်ဝင်နဂါးတပ်တော် ခေါင်းဆောင် ဗိုလ်နဂါးက ပြောပါတယ်။
"NUG ကျတော့ အစိုးရတစ်ရပ်အနေနဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ အလုပ်လုပ်တာ ပေါ့ဗျာ။ ကျွန်တော်တို့ မြေပြင်မှာကျတော့ ဒါတွေနဲ့ညှိဖို့ ခက်တယ်။ တော်လှန်ရေးမှာ (Equipment) ကိရိယာ အပြည့်အစုံနဲ့ တရားဝင် ကိုယ်ပိုင်နံပါတ် လစာတွေနဲ့ တိတိ ကျကျ သတ်မှတ်နိုင်တဲ့ အနေအထားတော့ မဟုတ်ဘူးဗျ။ မြေပြင်မှာတော့ အကြီး၊ အငယ်မရွေး လက်နက်ကိုင်နိုင်တဲ့ အနေအထားနဲ့ တော်လှန်ရေးမှာ အားကောင်း မောင်းသန် ပါနိုင်တဲ့သူဆို ခွင့်ပြုရပါတယ်။ ဒါပေမဲ့ NUG အနေနဲ့ ထုတ်ပြန်တာက သေချာတော့ မကြည့်ရသေးဘူး။ PDF အဖြစ် တပ်ရင်းတွေအတွက် ချမှတ်တဲ့ စည်းကမ်း ဖြစ်နိုင်ပါတယ်"
အဲဒီ ခြောက်ချက်ထဲမှာ ကလေးသူငယ်တွေကို တပ်သားအဖြစ် စုဆောင်းတာ၊ တိုက်ပွဲ၊ တပ်စခန်းတွေမှာ အသုံးချတာ အပါအဝင် သတ်ဖြတ်တာ၊ ကိုယ်လက်အင်္ဂါချို့တဲ့စေတာ၊ အဓမ္မပြုကျင့်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ ဖမ်းဆီးချုပ်နှောင်တာ၊ ကျောင်း၊ဆေးရုံတွေကို တိုက်ခိုက်တာနဲ့ လူသားချင်း စာနာကြဖို့တွေ ပါဝင်ပါတယ်။
NUG ထုတ်ပြန်ချက်မှာပါတဲ့ အသက် ၁၈ နှစ်အောက် ကလေးသူငယ်တွေအပေါ် ချိုးဖောက်တဲ့ အကြမ်းဖက်မှု ခြောက်မျိုးကို မကျုးလွန်မိစေဖို့နဲ့ ချိုးဖောက်တာ တွေ့ရင် လည်း အကာအကွယ်ပေးရေး အလေးထားဆောင်ရွက်ဖို့ ရေးသားထားပါတယ်။
တပ်သားစုဆောင်းရာမှာလည်း NUG က ထုတ်ပြန်ထားတဲ့ မူဝါဒအတိုင်း အသက် ၁၈ နှစ် ပြည့်ပြီးသူတွေကိုသာ တပ်သားအဖြစ် လက်ခံဖို့၊ ၁၈ နှစ်အောက် ကလေးသူငယ်တွေ တပ်စခန်းတွေမှာ ရောက်နေမယ်ဆိုရင် နောက်ဆက်တွဲ ညွှန်ကြားချက်တွေအတိုင်း စီမံကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။