ကုလကိုယ်စားလှယ်နဲ့ စစ်ခေါင်းဆောင် တွေ့ဆုံမှု NUG စိတ်ပျက်
ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်အာဏာရှင်တွေကို တွေ့ဆုံမှုအတွင်း ကန့်ကွက်ရှုတ်ချရမယ့်အစား မစ္စနိုလင်းဟေဇာဟာ စစ်အာဏာရှင်တွေကို ကျေနပ်အောင် ချော့မော့ခဲ့တယ်လို့ ခရီးစဉ်နဲ့ပတ်သက်ပြီး NUG က ဒီကနေ့ညပိုင်းထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
- 2022-08-20
-
-
-
ကုလအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာနဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ရဲ့ တွေ့ဆုံမှုကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။
ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်အာဏာရှင်တွေကို တွေ့ဆုံမှုအတွင်း ကန့်ကွက်ရှုတ်ချရမယ့်အစား မစ္စနိုလင်းဟေဇာဟာ စစ်အာဏာရှင်တွေကို ကျေနပ်အောင် ချော့မော့ခဲ့တယ်လို့ ခရီးစဉ်နဲ့ပတ်သက်ပြီး NUG က ဒီကနေ့ညပိုင်းထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီတွေ့ဆုံမှုအပြီး စစ်ကောင်စီဘက်က အကြမ်းဖက်တာတွေ လျှော့မသွားဘဲ နောက်တစ်နေ့မှာ အိမ်ခြေ ၆ဝဝ ရှိတဲ့ ရွာတစ်ရွာကို မီးရှို့ခဲ့တယ်လို့ NUG က ထောက်ပြပါတယ်။
ဒါ့အပြင် ကုလကိုယ်စားလှယ် လာမယ့်နေ့မှာတင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ထောင်ဒဏ်ထပ်ချလိုက်တာကို ကြည့်ရင် တွေ့ဆုံမှုအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ စစ်ခေါင်းဆောင်ရဲ့
ပြောဆိုချက်တွေဟာ ယုံကြည်နိုင်စရာ မရှိဘူးလို့ ဆိုပါတယ်။
မစ္စနိုလင်းဟေဇာကတော့ သူ့ရဲ့ တွေ့ဆုံမှုအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ နေရေးထိုင်ရေးတွေကို စစ်ခေါင်းဆောင်က တာဝန်ယူကြောင်း၊ မကြာခင် အိမ်ပြန်ရတော့မှာ ဖြစ်သလို၊သူနဲ့လည်း သင့်တော်တဲ့အချိန်မှာ ပေးတွေ့မယ်လို့ ပြောဆိုခဲ့ကြောင်း ပြောထားတာဖြစ်ပါတယ်။
စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံရင် မြန်မာပြည်သူတွေကို ကိုယ်စားမပြုနိုင်ဘူးလို့ အကြိမ်ကြိမ် ကန့်ကွက်ခဲ့တဲ့ကြားက ဒီလိုတွေ့ဆုံခဲ့တာလို့လည်း NUG က အပြစ်တင်ဝေဖန်ပါတယ်။
ဒီတွေ့ဆုံမှုအတွင်း လိုက်လျောတာတွေ ရှိခဲ့လားဆိုတာ မသိရဘူးလို့လည်း ဆိုပါတယ်။
ကုလအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာအနေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေ အရပ်ဖက်အဖွဲ့တွေနဲ့ လူသိရှင်ကြားတွေ့ဆုံဖို့ကိုလည်း NUG က တောင်းဆိုပါတယ်။
မစ္စနိုလင်းဟေဇာကတော့ ဒီတွေ့ဆုံမှုဟာ စစ်တပ်ကို တရားဝင်မှု ပေးတာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။
မြန်မာပြည်သူတွေ စစ်အာဏာရှင်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ တော်လှန်လာတာ ၁၈ လကြာပြီဖြစ်ပေမယ့် ကုလသမဂ္ဂဘက်ကတော့ ဒီစစ်အာဏာရှင်တွေကို အရေးယူတာ မရှိဘူးလို့လည်း NUG ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။