အကြမ်းဖက်မှုတွေ ချက်ချင်းလျှော့ချဖို့ စစ်ခေါင်းဆောင်ကို ကုလအထူးသံတောင်းဆို

ဦးသစ်ဆင်း (ဝါရှင်တန်ဒီစီ)
2022.08.17
အကြမ်းဖက်မှုတွေ ချက်ချင်းလျှော့ချဖို့ စစ်ခေါင်းဆောင်ကို ကုလအထူးသံတောင်းဆို ၂ဝ၂၂ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန် မစ္စ နိုလင်းဟေဇာတို့ နေပြည်တော်တွင် တွေ့ဆုံစဉ်။
Photo: Myanmar Military

သြဂုတ်လ ၁၇ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန် မစ္စ နိုလင်းဟေဇာတို့ တွေ့ဆုံခဲ့ပါတယ်။ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပထမအကြိမ်စည်းဝေးပွဲမှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

တွေ့ဆုံစဉ်အတွင်း မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စ နိုလင်းဟေဇာ က နိုင်ငံအတွင်းပဋိပက္ခတွေ လျှော့ချရေးနဲ့ မြန်မာပြည်သူတွေ ကြုံတွေ့ခံစားနေရတဲ့ ဘေးဒုက္ခတွေ လျော့နည်းရေးအတွက် စစ်ကောင်စီအနေနဲ့ မဖြစ်မနေဆောင်ရွက်သင့်တဲ့ ကိစ္စတွေကို ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂအထူးသံတမန် နိုလင်းဟေဇာအနေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် အကြီးတန်းအကြံပေးအရာရှိတွေနဲ့ တွေ့ဆုံတာဟာ ကုလသမဂ္ဂရဲ့ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းဖြစ်တဲ့ မြန်မာပြည်သူတွေရဲ့ဆန္ဒနဲ့လိုအပ်ချက်တွေကို အခြေခံပြီး အရပ်သားအစိုးရ ပြန်လည်ရရှိရေးအတွက် မြန်မာပြည်သူတွေကိုယ်တိုင် ဦးဆောင်ပြီး၊ ထိရောက်ငြိမ်းချမ်းတဲ့ နိုင်ငံရေးလမ်းကြောင်းတစ်ရပ်ပေါ်ထွက်ဖို့ အရေးတကြီး ပံ့ပိုးကူညီဖို့ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

အထူးသံတမန်ရဲ့ခရီးစဉ်ဟာ နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ လူထုအခြေပြုအရပ်ဘက်အဖွဲ့အစည်းတွေ၊ ပဋိပက္ခကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ လူမှုအသိုင်းအဝိုင်းတွေနဲ့ အကျယ်အပြန့် ဆွေးနွေးညှိနှိုင်းအပြီး ပေါ်ထွက်လာခဲ့တာဖြစ်ကြောင်းလည်း ပြောဆိုပါတယ်။

မြန်မာနိုင်ငံက လူမှုစီးပွားနဲ့ နိုင်ငံရေး၊ လုံခြုံရေး အကျပ်အတည်းတွေအပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က အထူးပဲစိုးရိမ်နေပြီး အခုဒီခရီးစဉ်ဟာ အဲဒီစိုးရိမ်မှုကို ကမ္ဘာကို အသိပေးဖို့၊ ပဋိပက္ခလျှော့ချရေး ဆောင်ရွက်ချက်တွေ အဆိုပြုဖို့ ဖြစ်တယ်လို့ မစ္စနိုလင်းဟေဇာက ပြောပါတယ်။

မြန်မာပြည်သူတွေ ဒီမိုကရေစီနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အကြောက်တရားကင်းစွာရရှိဖို့ ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ကုလသမဂ္ဂက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့တဲ့ လုပ်ရပ်ဖြစ်တဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို လတ်တလော သေဒဏ်ပေးအပြီး နောက်လာမယ့် ကွပ်မျက်မှုအားလုံးကို တရားဝင် ဆိုင်းငံ့ထားဖို့၊ ဒါ့ပြင် သြစတြေးလျစီးပွားရေးပညာရှင် ဒေါက်တာရှောင်တားနဲလ်အပါအဝင် အကျဉ်းထောင်တွေနဲ့တခြားနေရာတွေမှာ ထိန်းသိမ်းခံထားရတဲ့လူငယ်တွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။

လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ အရပ်ဘက်ပြည်သူတွေရဲ့နေအိမ်တွေနဲ့ အခြေခံအဆောက်အဦတွေကို မီးရှို့ဖျက်ဆီးတာတွေ ရပ်တန့်ရေးအပါအဝင် အကြမ်းဖက်မှုလျှော့ချရေးတွေ ချက်ချင်းဆောင်ရွက်ဖို့၊ အသက်ကယ်ဆယ်ရေးအထောက်အကူပြု အကူအညီတွေ အမြန်ဆုံးရောက်ရှိရေး၊ အကူအညီတွေကို ခွဲခြားမှုမရှိဘဲ လိုအပ်နေသူတွေထံ အမြန်ဆုံးရောက်ရှိနိုင်ရေးဆောင်ရွက်ပေးဖို့လည်း အထူးသံတမန်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တိုက်တွန်းခဲ့ပါတယ်။

နေရာစွန့်ခွာရွှေ့ပြောင်းခဲ့ကြရတဲ့ အရပ်ဘက်ပြည်သူတွေအတွက် အထူးစိုးရိမ်နေပြီး ကယ်ဆယ်ရေးအထောက်အကူပြု အကူအညီတွေ ရောက်ရှိရေးအတွက် ဆောင်ရွက်ခွင့်ပေးဖို့၊ ရရှိလာတဲ့ အထောက်အပံ့တွေကို ခွဲခြားမှုမရှိဘဲ လိုအပ်သူတွေထံ အမြန်ဆုံးပေးပို့နိုင်ဖို့ကိုလည်း မစ္စ နိုလင်းဟေဇာက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တိုက်တွန်းခဲ့ပါတယ်။

ဒါ့ပြင် ထောင်ဒဏ်ထပ်မံချမှတ်ခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့လည်း မစ္စ နိုလင်းဟေဇာ က တောင်းဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ နေထိုင်စားသောက်ရမှုအခြေအနေတွေကို အထူးစိုးရိမ်ကြောင်းနဲ့ မကြာခင် နေအိမ်ကို အမြန်ပြန်လည်ရောက်ရှိဖို့ တောင်းဆိုကြောင်း ပြောဆိုခဲ့ပါတယ်။

image (7).jpg
၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာ ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာစဉ်။ (Photo: AFP)

အထူးသံတမန် မစ္စ နိုလင်းဟေဇာဟာ ကုလသမဂ္ဂပဋိညာဉ်စာတမ်းမိတ္တူကိုလည်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံကို ပေးအပ်ခဲ့ပါတယ်။ ဒီစာတမ်းမှာ အချုပ်အခြာအာဏာဆိုတာ နိုင်ငံအတွင်း မည်သူတစ်ဦးတစ်ယောက်ကိုမှ ချန်လှပ်မထားဘဲ ဖွံ့ဖြိုးတိုးတက်မှုဟာ အားလုံးအတွက်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ကုလသမဂ္ဂပဋိညာဉ်စာတမ်းဟာ ကမ္ဘာ့နိုင်ငံရေးတည်ငြိမ်မှုစနစ်ရဲ့ အခြေခံအုတ်မြစ်ဖြစ်ပြီး၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ရရှိလိုတယ်ဆိုရင် ပဋိညာဉ်ပါ သတ်မှတ်ချက်တွေနဲ့ စံနှုန်းတွေကို လိုက်နာရမှာဖြစ်ကြောင်းလည်း အထူးသံတမန် မစ္စ နိုလင်းဟေဇာက ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။