ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရန် သတိပေးချက် NUG ထုတ်ပြန်

2021.06.23
ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရန် သတိပေးချက် NUG ထုတ်ပြန် NUG ရဲ့ အိမ်ထောင်စုအဆင့် ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရန် သတိပေးချက်
Photo: NUG Myanmar
မနေ့က မန္တလေးမှာ ပထမဆုံး မြို့ပြတိုက်ပွဲဖြစ်ပြီးတဲ့နောက် ဒီကနေ့ ဇွန်လ (၂၃) ရက်နေ့မှာ အမျိုးသား ညီညွတ်ရေးအစိုးရ NUG က အိမ်ထောင်စုအဆင့် ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရန် သတိပေးချက်ဆိုပြီး ထုတ်ပြန်လိုက်ပါတယ်။
 
အဲဒီသတိပေးချက်မှာ အဓိက အချက်သုံးချက်ပါဝင်ပြီး မိသားစုတွေအနေနဲ့ အရေးပေါ် အခြေအနေဖြစ် လာပါက အရေးပေါ် ဆေးအိတ်ပြင်ထားဖို့၊ လုံခြုံတဲ့နေရာကို ရှာဖွေထားဖို့၊ မိမိနေအိမ်ကို အရေးပေါ်စွန့်ခွာ ရတော့မယ့်ချိန်မှာ လုပ်ဆောင်ရမယ့်အချက်တွေနဲ့ အရေးကြီးသတင်းတွေကို ရေဒီယိုကနေ အဆက်မပြတ် နားထောင်ဖို့ မိတ်ဆွေအချင်းချင်း သတင်းစကားလက်ဆင့်ကမ်းရင်း ဆက်သွယ်ဆောင်ရွက်နေဖို့ စတဲ့အချက် တွေကို သတိပေးထားပါတယ်။
 
NUG က ဘာကြောင့် အရေးပေါ်ကြေညာချက် ထုတ်ရသလဲဆိုတာ သိနိုင်ဖို့အတွက် NUG ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန် ကို RFA က ကြိုးစားဆက်သွယ်နေဆဲ ဖြစ်ပါတယ်။
 
ဇွန်လ (၂၂) ရက် မနေ့က မြန်မာနိုင်ငံရဲ့ လူနေအထူထပ်ဆုံး မြို့ကြီးတစ်မြို့ဖြစ်တဲ့ မန္တလေးမြို့ပေါ်မှာ ဒေသခံ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်တပ်အကြား ပထမဆုံးမြို့ပြတိုက်ပွဲဖြစ်ခဲ့ပြီး၊ ကာကွယ်ရေးတပ်ဘက် က သုံးဦး သေဆုံး၊ စစ်တပ်ဘက်က နှစ်ဦး သေဆုံးတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
 
စစ်တပ်ပိုင် မြဝတီရုပ်သံကတော့ PDF တပ်ဖွဲ့ဝင် ရှစ်ဦး သေဆုံးပြီး၊ ရှစ်ဦး ဖမ်းမိထားတယ်လို့ ပြောပါတယ်။
 
သေဆုံးသူ ရှစ်ဦးအနက် လေးဦးက အပြန်အလှန်ပစ်ခတ်ရာမှာ သေဆုံးခဲ့တာဖြစ်ပြီး၊ အခြား လေးဦးက အခင်း ဖြစ်ရာကနေ ကားနဲ့ထွက်ပြေးရာမှာ လမ်းဘေးမှာရှိတဲ့ လျပ်စစ် Transformer ကို တိုက်မိပြီး သေဆုံးခဲ့တဲ့ PDF တပ်ဖွဲ့ဝင်တွေလို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။
 
ဒီကနေ့ ထပ်မံရရှိတဲ့ သတင်းတွေအရ မနေ့က မန္တလေးပစ်ခတ်မှုအတွင်း လျှပ်စစ် Transformer ကို ကားနဲ့ ဝင်တိုက်ပြီး သေဆုံးခဲ့သူတွေဟာ PDF တပ်ဖွဲ့ဝင်တွေမဟုတ်ဘဲ၊ နှစ်ဘက်ပစ်ခတ်မှုတွေကြောင့် ကြောက်လန့် ပြီး ကားနဲ့ထွက်ပြေးတဲ့ အရပ်သားတွေဖြစ်တယ်၊ သေဆုံးသူ လေးဦးအနက် သုံးဦးဟာ တအာင်း(ပလောင်) တိုင်းရင်းသားတွေဖြစ်ကြောင်း ရွှေဖီမြေသတင်းစဥ်က သတင်းထုတ်ပြန်ထားပါတယ်။
 
အဲဒီသေဆုံးသူ လေးဦးကိစ္စနဲ့ ဒီကနေ့ မန္တလေးမြို့ နောက်ဆက်တွဲအခြေအနေတွေ သိနိုင်ဖို့အတွက် RFA က ကြိုးစားဆက်သွယ်နေဆဲဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။