OIC လူသားချင်းစာနာမှုဆိုင်ရာရုံး မြန်မာနိုင်ငံတွင် ဖွင့်လှစ်မည်
OIC လို့ခေါ်တဲ့ အစ္စလာမ္မစ် ပူးပေါင်း ဆောင်ရွက်ရေးရုံးဟာ လူသားချင်း စာနာမှုဆိုင်ရာ ရုံးတစ်ရုံး ဖွင့်လှစ်ဖို့ မြန်မာအစိုးရနဲ့ သဘောတူညီချက် လက်မှတ် ရေးထိုးလိုက်တဲ့အကြောင်း OIC သံအမတ် Tariq Bakheet က မနေ့က ကြေညာပါတယ်။
-
2012-09-12 -
-
-
ကူဝိတ်နိုင်ငံမှာရှိတဲ့ OIC အထွေထွေ အတွင်းရေးမှူးရုံးမှာ ဗုဒ္ဓဟူးနေ့က လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပြီး ရိုဟင်ဂျာ မူဆလင်တွေနဲ့ ပတ်သက်လို့ ဆက်လက်ဆောင်ရွက်ရမယ့် ကိစ္စအတွက် OIC အတွင်းရေးမှူးချုပ်က အချက်အလက် ရှာဖွေတဲ့ အဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့ပြီး ဒီသဘောတူညီချက်ကို အင်္ဂါနေ့က လက်မှတ်ရေးထိုး ခဲ့တယ်လို့ Mr. Bakheet က ပြောပါတယ်။
ဒါဟာ ထူးခြားပြီး အပြုသဘောဆောင်တဲ့ တိုးတက်မှုလို့လည်း ပြောပါတယ်။ OIC အတွင်းရေးမှူးချုပ်လည်း မြန်မာနိုင်ငံ သွားရောက်ဖို့ အစီအစဉ်ရှိပြီး ဒီခရီးအတွက် မြန်မာအစိုးရနဲ့ အစီအစဉ် လုပ်နေတယ်လို့လည်း ဆိုပါတယ်။
OIC ကိုယ်စားလှယ် အဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်နေပြီးတာဝန်ရှိသူတွေနဲ့ ဆွေးနွေးတဲ့အပြင် နေရပ်က ရွှေ့ပြောင်းရသူတွေ ရှိနေတဲ့ နေရာတွေကိုလည်း ကွင်းဆင်းတယ်လို့ ဆိုပါတယ်။