OIC ကိုယ်စားလှယ်အဖွဲ့ စစ်တွေမှာ ဆွေးနွေး
OIC ခေါ် အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ် မလေးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း Mr. Tan Sri Syed Hamid Albar နဲ့ အဖွဲ့ဟာ စစ်တွေမြို့ ရပ်မိရပ်ဖတွေ၊ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ စစ်တွေမြို့ အရေးပေါ် ပူးပေါင်းဆောင်ရွက်ရေးစင်တာ ECC ရုံးမှာ မနေ့က တွေ့ဆုံခဲ့ပါတယ်။
-
2014-09-04 -
-
-
Your browser doesn’t support HTML5 audio
OIC ခေါ် အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မလေးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း Mr. Tan Sri Syed Hamid Albar နဲ့ အဖွဲ့ဟာ စစ်တွေမြို့ ရပ်မိ ရပ်ဖတွေ၊ အရပ်ဘက်အဖွဲ့အစည်းကိုယ်စားလှယ်တွေနဲ့ စစ်တွေမြို့ အရေးပေါ် ပူးပေါင်းဆောင်ရွက်ရေးစင်တာ ECC ရုံးမှာ မနေ့က တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ စစ်တွေမြို့ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးသန်းထွန်းက အခုလိုပြော ပါတယ်။
"ကျနော်တို့ဟာ မလေးရှား နိုင်ငံရေးဝန်ကြီးဟောင်း နဲ့ တွေ့မယ်လို့ပဲ ကျနော်တို့သိထားတယ်၊ မြန်မာနိုင်ငံ ဆိုင်ရာ OIC အထူးကိုယ်စားလှယ်မှန်း ကျနော်တို့ မသိခဲ့တဲ့အတွက်ကြောင့်မို့ တွေ့ဆုံခဲ့ခြင်းဖြစ်တယ်၊ ဘင်္ဂါလီအချင်းချင်းကြားမှာ နိုင်ငံသားဖြစ်ခွင့်ရှိတဲ့ ဘင်္ဂါလီနဲ့ ခိုးဝင်ကျူးကျော်လာတဲ့ ဘင်္ဂါလီတွေကို ကွဲပြားခြားနားဖို့ စိစစ်နေတဲ့ အခုလိုအချိန်မျိုးမှာ OIC အနေနဲ့ လာရောက်လည်ပတ်ခြင်းဟာ စိစစ်မှုကို အနှောင့်အယှက်ဖြစ်စေတယ်၊ လာတဲ့အချိန်ဟာ လာခြင်းကောင်းတာ မဟုတ်ဘူး၊ အဲဒါကြောင့် OIC ပြောတာကို ကျနော်တို့ လက်မခံနိုင်ပါဘူးလို့ ငြင်းပယ်ခဲ့ပါတယ်"
OIC အဖွဲ့အနေနဲ့ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးရေးအကူအညီတွေ ပေးအပ်တဲ့အခါ ဒေသခံတွေအနေနဲ့ လက်ခံ၊ မခံ မေးမြန်းခဲ့တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ လူ့အဖွဲ့အစည်းနှစ်ခု အသုံးပြုနိုင်ဖို့အတွက် ဆေးရုံနဲ့ လေ့ကျင့်သင်ကြားရေးစင်တာ ဖွင့်လှစ်ပေးလိုကြောင်း ကမ်းလှမ်းချက်အပေါ် ရခိုင်ရပ်မိရပ်ဖတွေက ရခိုင်ပြည်နယ်မှာ အခြေအနေတွေ တင်းမာနေဆဲဖြစ်တာကြောင့် အဲဒီကမ်းလှမ်းချက်ကို ငြင်းဆိုခဲ့ကြတယ်လို့လည်း သိရပါတယ်။
OIC အဖွဲ့ ကိုယ်စားလှယ်တွေဟာ မနေ့က စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်က မွတ်စလင် ရပ်မိရပ်ဖတွေနဲ့ သီးခြားတွေ့ဆုံရာမှာ မွတ်စလင် ရပ်မိရပ်ဖတွေက အစိုးရအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို ပိုမိုဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် OIC ကိုယ်စားလှယ်အဖွဲ့ဟာ စက်ရုံစုရခိုင်ဒုက္ခသည်စခန်းနဲ့ သက္ကယ်ပြင် မွတ်စလင် ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာခဲ့ပြီး ဒီနေ့မှာ ရခိုင်ပြည်နယ်ကနေ ထွက်ခွာသွားတယ်လို့ သိရပါတယ်။
တွေ့ဆုံရာမှာပါဝင်ခဲ့တဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဌ ဦးလှသိန်းကို RFA သတင်းထောက် မရတနာဦး ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။