စားသုံးဆီတွေ စစ်ဆေးအရေးယူမယ်
စက်မှုထုတ်လုပ်ခွင့်လိုင်စင်နဲ့ စည်ပင်ခွင့်ပြု ချက်လိုင်စင် မရှိဘဲ ဈေးကွက်ထဲမှာ စားသုံး ဆီ ရောင်းချနေသူတွေကို စည်ပင်ဥပဒေ၊ စားသုံးသူကာကွယ်ရေး ဥပဒေတွေနဲ့ အရေးယူသွားမယ် လို့ မြန်မာနိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန FDA က ပြောပါတယ်။
-
2016-06-29 -
-
-
Your browser doesn’t support HTML5 audio
စက်မှုထုတ်လုပ်ခွင့်လိုင်စင်နဲ့ စည်ပင်ခွင့်ပြုချက်လိုင်စင် မရှိဘဲ ဈေးကွက်ထဲမှာ စားသုံးဆီ ရောင်းချနေသူတွေကို စည်ပင်ဥပဒေ၊ စားသုံးသူကာကွယ်ရေး ဥပဒေတွေနဲ့ အရေးယူသွားမယ်လို့ မြန်မာနိုင်ငံ အစားအသောက်နဲ့ ဆေး ဝါးကွပ်ကဲရေး ဦးစီးဌာန FDA က ပြောပါတယ်။
မကြာခင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆေးသွားမှာဖြစ်ပြီး ပြည်တွင်းတင်မကဘဲ ပြည်ပကနေတင်သွင်းတဲ့ ဆီတွေကိုလည်း စစ်ဆေးသွားမှာ ဖြစ်တယ်လို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာဥက္ကာဖြိုး က ပြောပါတယ်။
"လက်ရှိဈေးကွက်ထဲမှာ ရောင်းချနေတဲ့ဆီကတော့ စစ်ဆေးခဲ့တဲ့ စားအုန်းဆီ အမှတ်တံဆိပ်တွေမှာ ဖော်ပြ ချက်နဲ့ ကိုက်ညီမှုမရှိတာတွေ တွေ့ရတယ်၊ ခွင့်ပြုချက်လိုင်စင်ရှိတဲ့ဆီတွေ ရောင်းမယ်ဆိုလို့ရှိရင်လည်း လိုင်စင်နှစ်ခု ကိုတော့ အဓိကထားပြီးတော့ စစ်ဆေးမှာဖြစ်ပါတယ်၊ ပြင်ပကတင်သွင်းတဲ့ ဆီတွေမှာ လည်း နှစ်ခုလျှောက် ပြီးတော့ ပါမှသာတင်သွင်းခွင့်ရှိပါမယ်"
ဈေးကွက်ထဲမှာ FDA ထောက်ခံချက်မရှိဘဲ ပုံးလိုက်တင်သွင်းလာတဲ့ ဆီတွေကို ရောနှောပြီး ပြန်လည်ရောင်းချနေ တာတွေရှိတဲ့အတွက် စားသုံးသူတွေ ကျန်းမာရေးထိခိုက်မှုတွေ ရှိနိုင်တယ်လို့ ဒေါက်တာဥက္ကာဖြိုးက ပြောပါတယ်။
လက်ရှိအချိန်ထိ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရဲ့ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက် ရရှိထားတဲ့ စားသုံးဆီလုပ်ငန်း ၂၇ ခုသာ ရှိပါတယ်။
ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ စားသုံးဆီတွေကို လိုက်လံစစ်ဆေးတဲ့အခါ FDA အဖွဲ့အပြင် သက်ဆိုင်ရာမြို့နယ် အလိုက် ရဲတပ်ဖွဲ့ဝင်တွေ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေး ကော်မတီဝင်တွေ၊ စားသုံးသူရေး ရာဦးစီးဌာန၊ စားသုံးသူ သမဂ္ဂတို့နဲ့ ပူးပေါင်းစစ်ဆေးသွား မှာဖြစ်ပါတယ်။
၂၀၁၄ မတ်လ ၁၄ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ စားသုံးသူကာကွယ်ရေးဥပဒေအရ သတိပေးတာ ၊ လျော်ကြေးကောက်ခံတာ၊ ကုန်စည်ကိုကာလ အကန့်အသတ်နဲ့ ရောင်းချခွင့်ပိတ်ပင်တာနဲ့ ဈေးကွက်အတွင်း က ပြန်လည်သိမ်းဆည်းတာ၊ သိမ်းဆည်းထားတဲ့ ကုန်စည်တွေကိုဖျက်ဆီးတာ၊ ထုတ်လုပ် ခွင့်လိုင်စင်တွေ ကို ပိတ်သိမ်းတာစတဲ့ အဆင့်ဆင့်အရေးယူမှုတွေ ပြုလုပ်နိုင်ပြီး ထောင်ဒဏ် ၃ နှစ် ကနေ အများဆုံး ဒဏ်ငွေ ကျပ်သိန်း ၅၀ အထိ ချမှတ်နိုင်တယ်လို့လည်း ပါရှိပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဆီစက်ရုံတွေက ရောနှောဆီတွေနဲ့ မသန့်တဲ့ စားသုံးဆီတွေကို ထုတ်လုပ်ရောင်းချနေတာကို လားရှိုးမြို့ စားသုံးသူရေးရာဦးစီးဌာနက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဥက္ကာဖြိုး ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။