ရန်ကုန်မှာ စားသုံးဆီဈေးနှုန်း မြင့်တက်

2022.08.12
ရန်ကုန်မှာ စားသုံးဆီဈေးနှုန်း မြင့်တက် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရားလမ်းမှာ ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှာ စားသုံးဆီတန်းစီနေကြစဥ်
Photo: RFA

ရန်ကုန်မြို့မှာ အခုနှစ်ဆန်းပိုင်းက စားအုန်းဆီတစ်ပိဿာကို ကျပ် ၂၅၀၀ ကျော်ရှိခဲ့ရာ ကနေ ဩဂုတ်လ ၁၂ ရက် ဒီနေ့မှာတော့ ကျပ် ၉၀၀၀ အထိ ဝယ်ယူနေကြရသလို ပြီးခဲ့တဲ့ လက ကျပ် ၉၀၀၀ အောက်သာရှိခဲ့တဲ့ ပဲဆီ တစ်ပိဿာဈေးဟာလည်း ဒီနေ့မှာ ကျပ် ၁၂၀၀၀ ကျော်အထိ မြင့်တက်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

အခုနောက်ပိုင်း ဆီကို လျှော့စားနေရတယ်လို့ ရန်ကုန်မြို့က အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

“အရင်က ဆီဈေးတွေဆို အဲ့လောက်လည်း ဈေးမကြီးဘူး။ အလွန်ဆုံး ၅၀၀၀၊ ၆၀၀၀ ပေါ့။ အခုဟာက ရက်ပိုင်း၊ လပိုင်းအတွင်းမှာကို ခုန်တက်နေတာ။ ဟင်းချက်ရင်တောင် ဆီအရင်ကလို့ မသုံးနိုင်တော့ဘူး။ စားအုန်းဆီဈေး ကိုက တစ်ပိဿာ ၉၀၀၀ တဲ့လေ။ ပဲဆီကျတော့လည်း တစ်ပိဿာ ၁၂၀၀၀၊ ၁၃၀၀၀ ရှင့်။ ပြောရင်တော့ စီးပွားရေး ဦးမော့အောင် လုပ်မယ်ဆိုပြီး အခုတော့ ကုန်ဈေးနှုန်းတွေကတော့ တော်တော် ဦးမော့လာလို့ ကောင်းကင်ပါထိတော့မယ်”

ပြည်ပကနေတင်သွင်းနေရတဲ့ စားသုံးဆီတွေဟာ နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်မှုနဲ့ အတူ ဈေးနှုန်းမြင့်တက် နေတာဖြစ်သလို ပြည်တွင်းကနေ ထုတ်လုပ်တဲ့ ပဲဆီ၊ နှမ်းဆီတွေ ဟာလည်း ကုန်ကြမ်းရှားပါးသလို စက်သုံးဆီ ဈေးတွေပါ မြင့်တက်နေတာကြောင့် အခုလို ဈေးနှုန်းမြင့်တက်လာတာလို့ စားသုံးဆီအရောင်းဆိုင်ရှင်တစ်ဦးက ပြောပါတယ်။

ရန်ကုန်အပါအဝင် တခြားမြို့နယ်တွေမှာ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းက စားဆီတစ်ပိဿာကို ၃၈၀၀ ကျပ် သတ်မှတ်ပြီး ခွဲတမ်းစနစ်နဲ့ လိုက်လံရောင်းချ တာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရဲ့ စာရင်းတွေအရ ပြည်တွင်းမှာ စားသုံးဆီသုံးစွဲမှု တစ်နှစ်မှာ တန်ချိန် ၁၀ သိန်းကျော်အထိရှိပြီး နှစ်စဥ် တန်ချိန် ခြောက် သိန်းကနေ ခုနစ်သိန်းကြားကို မလေးရှားနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက အဓိကထား တင်သွင်းနေရတာလည်း ဖြစ်ပါတယ်။

အာဏာသိမ်းခံထားရတဲ့ တစ်နှစ်ခွဲကျော်ကာလအတွင်း ပြည်တွင်းမှာ ကုန်ဈေးနှုန်း မြင့်တက်မှုတွေနဲ့ ရင်ဆိုင် နေကြရသလို အခြေခံစားသောက်ကုန်တွေလည်း တရိပ်ရိပ် ထိုးတက်နေတာလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2022-08-12 21:44

Myanmar is going to fail state soon. Min Aung Hlaing who must release the power immediately.