ညောင်ဦးက အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နဲ့ပစ်ခံရလို့ သေဆုံး

မန္တလေးတိုင်း ညောင်ဦးမြို့နယ် သာယာဝတီရပ်ကွက် အုပ်ချုပ်ရေးမှူး ကိုဌေးလွင် ဆိုသူဟာ ဇန်နဝါရီ ၁၇ ရက် မနေ့က နေ့လယ် ၂ နာရီကျော်က သူပိုင်တဲ့ လက်ဖက်ရည်ဆိုင်ထဲမှာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်။
စစ်ကောင်စီ သတင်းပေးလို့ပြောကြပြီး သူဟာ ရပ်ကွက်ထဲမှာ မီတာခတွေဆောင်ဖို့ ဖိအားပေးခြိမ်းခြောက်တာမျိုးတွေ ရှိခဲ့တယ်လို့ ညောင်ဦးဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။
"အဲဒီလူက နာမည်ထွက်နေတာကြာပြီ သေချာတယ်။ နှစ်ချက် နဖူးတည့်တည့်တဲ့။ သေသွားတာ သေချာတယ်"
ကိုဌေးလွင် ကို မြင်းခြံမြို့နယ်ဘက်က Myingyan Twenty - One Guerilla (MTGF) နဲ့ OGRE Force ပူးပေါင်းအဖွဲ့က လက်ဖက်ရည်ဆိုင်ထဲဝင်ပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ကိုဌေးလွင် ဆိုသူဟာ ခိုင်ဝါ (၇) လက်ဖက်ရည်ဆိုင်ပိုင်ရှင်ဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဝင်တစ်ဦးလို့လည်း ဒေသခံက ပြောပါတယ်။
ဒေသအခြေစိုက် ညီနောင်မဟာမိတ် PDF အဖွဲ့တွေရဲ့အဆိုအရ အဲဒီ လက်ဖက်ရည်ဆိုင်ထဲကို ကျည်ဆံ ၁၅ တောင့်သုံးပစ်ခတ်ခဲ့ပြီး လုပ်ချင်တာလုပ် ဒလန်မလုပ်နဲ့လို့ပြောကာ သေနတ်ပစ်နဲ့ပစ်ဖောက် သတိပေးခဲ့တယ်လို့လည်း ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။