ပခုက္ကူတံတားမှာ ဖောက်ခွဲရေးပစ္စည်းတွေပါတယ်ဆိုပြီး ကားတစ်စီး အဖမ်းခံရ

2022.01.16
ပခုက္ကူတံတားမှာ ဖောက်ခွဲရေးပစ္စည်းတွေပါတယ်ဆိုပြီး ကားတစ်စီး အဖမ်းခံရ မကွေးတိုင်း ပခုက္ကူတံတား စစ်ဆေးရေးဂိတ်မှာ စလင်းမြို့ကလာတဲ့ သန်းဆုအောင် ခရီးသည်တင် ကားကို တွေ့ရစဉ်
Photo: CJ

မကွေးတိုင်း ပခုက္ကူတံတား စစ်ဆေးရေးဂိတ်မှာ စလင်းမြို့ကလာတဲ့ သန်းဆုအောင် ခရီး သည်တင် ကားပေါ်မှာ ဖောက်ခွဲရေးနဲ့ ဆက်စပ်ပစ္စည်းတွေ တွေ့လို့ဆိုပြီး ကားပိုင်ရှင်နဲ့ အဲဒီကား အဖမ်းခံထားရတယ်လို့ ပခုက္ကူဒေသခံတစ်ဦးက ပြောပါတယ်။

ဇန်နဝါရီ ၁၅ ရက် မနေ့ကမနက် ၁၀ နာရီခွဲလောက်က အဖမ်းခံလိုက်ရတာလို့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

"ကားသမားနဲ့ ကားကိုတော့ ဖမ်းထားတယ်။ ပြောရရင် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေကို ဖောက်ခွဲရေးပစ္စည်းထင်ပြီး သူတို့တပ်ချင်တဲ့ပုဒ်မတပ် ဖမ်းသွားတဲ့ သဘောပါ"

အဲဒီစစ်ဆေးရေးဂိတ်ရဲ့အဆိုအရ "သန်းဆုအောင်" ခရီးသည်ကားပေါ်မှာ မုန့်ဖာတွေထဲ ထည့်သွင်းယူဆောင်လာတဲ့ လျှပ်စစ် စနက်တံ (ဒယ်တိုနီတာ) ၁၃၃၀ ခု၊ မီးရှို့ စနက်တံ ၄၀၀ ခု၊ (၅၀) မီတာ အရှည်ရှိ အနှေးယမ်းကြိုး (အဝါရောင်) ၂ ခွေ၊ AMMONUM NTRATE (အမိုနီယမ် နိုက်ထရစ်) ၆ အိတ် တို့ပါဝင်တဲ့ ဖောက်ခွဲရေးနဲ့ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

အဲဒီကားကို ပိုင်ရှင်ကိုယ်တိုင် မောင်းနှင်ခဲ့တာဖြစ်ပြီး ဆင်ဖြူကျွန်းမြို့က သူ့အိမ်ကိုလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဝင်ရောက်ရှာဖွေခဲ့ပေမယ့် ဖောက်ခွဲရေးပစ္စည်းတွေတော့ မတွေ့ဘူးလို့လည်း ဒေသခံ တစ်ဦးက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

အခုလက်တလော ပခုက္ကူတံတားပေါ်မှာ အစစ်အဆေးတင်းကျပ်နေပြီး အခုလို ဖောက်ခွဲ ရေးပစ္စည်းတွေ အများကြီး သယ်ဆောင်လာနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။