ပိတ်ဆို့အရေးယူမှုစာရင်းကို အသစ်ပြင်ဆင်ဖို့ သမ္မတ အိုဘားမားကို တောင်းဆို
အမေရိကန်ပြည်ထောင်စုအနေ နဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖေါက်မှုတွေမှာ တာဝန်ရှိမှုနဲ့ အထူးပစ်မှတ်ထား ပိတ်ဆို့အရေးယူထားဆဲဖြစ်တဲ့ ပုဂ္ဂိုလ်တွေနဲ့ စီးပွားရေးကုမ္ပဏီတွေရဲ့ စာရင်းကို လက်ရှိ အခြေအနေတွေနဲ့အညီ မွမ်းမံပြင်ဆင်သင့်ပြီလို့ အဖွဲ့အစည်းပေါင်း ၃၇ ဖွဲ့က သမ္မတ အိုဘားမားထံကို ပူးတွဲပေးစာတစ်စောင် မနေ့က ပေးပို့ခဲ့ကြပါတယ်။
-
2013-11-07 -
-
-
အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖေါက်မှုတွေမှာ တာဝန်ရှိမှုနဲ့ အထူးပစ်မှတ်ထား ပိတ်ဆို့အရေးယူထားဆဲဖြစ်တဲ့ ပုဂ္ဂိုလ်တွေနဲ့ စီးပွားရေးကုမ္ပဏီတွေရဲ့ စာရင်းကို လက်ရှိ အခြေအနေတွေနဲ့အညီ မွမ်းမံပြင်ဆင်သင့်ပြီလို့ အဖွဲ့အစည်းပေါင်း ၃၇ ဖွဲ့က သမ္မတ အိုဘားမားထံကို ပူးတွဲပေးစာတစ်စောင် မနေ့က ပေးပို့ခဲ့ကြပါတယ်။
အဲဒီစာမှာ သမ္မတ အိုဘားမားအစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနက ချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးပစ်မှတ်ထား ပိတ်ဆို့အရေးယူထားတဲ့စာရင်းပါစာရင်းကို အမြန်ဆုံးအသစ်ပြင်ဆင်ဖို့လိုအပ်နေပြီဖြစ်ကြောင်း၊ အဲသလို ပြင်ဆင်တဲ့နေရာမှာလည်း အသစ်ထပ်ဖြည့်ဖိုလိုတဲ့၊ ဒါမှမဟုတ် လက်ရှိစာရင်းထဲကနေ ပယ်ဖျက်ပေးဖို့လိုတဲ့ လူပုဂ္ဂိုလ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ အမည်တွေအပြင်၊ ဘာကြောင့် အဲသလို ဖြည့်စွက်ရတယ်၊ ပယ်ဖျက်ရတယ်ဆိုတဲ့၊ သတ်မှတ်တိုင်းတာတဲ့ စံနှုန်းတွေကိုလည်း လူသိရှင်ကြား ထုတ်ဖေါ်ကြေညာဖို့ လိုအပ်တယ်လို့ အဖွဲ့အစည်းပေါင်း ၃၇ ဖွဲ့ရဲ့ ပူးတွဲပေးစာမှာ ဖေါ်ပြထားပါတယ်။ အဲဒီ ပူးတွဲပေးစာပေးပို့ရာမှာပါဝင်တဲ့ ဝါရှင်တန်ဒီစီအခြေစိုက် US Campaign for Buma အဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Jennifer Quigley က RFA ကို ပြောဆိုခဲ့ရာမှာ ပြီးခဲ့တဲ့လပိုင်းက အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူထားဆဲ စာရင်းထဲကနေ ပုဂ္ဂိုလ်တချို့ကို ပယ်ဖျက်ပေးခဲ့ပုံဟာ ရှင်းရှင်းလင်းလင်းမရှိဘူးလို့ ပြောပါတယ်။
အဲဒီစာရင်းထဲကနေ မပယ်ဖျက်ခင်မှာ ဒီလိုအချက်တွေနဲ့ ကိုက်ညီရင် ပယ်ဖျက်ပေးရမယ်လို့ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေရှိရပါမယ်၊ ပြီးတော့ ပယ်ဖျက်ခံပုဂ္ဂိုလ်တွေဟာ အဲဒီစံညွှန်းတွေနဲ့ အမှန်တကယ် ကိုက်ညီ မညီ ထင်ရှားအောင် အသိပေးစေချင်ပါတယ်၊ ပြီးခဲ့တဲ့ထုတ်ပြန်ချက်မှာ အစိုးရဟာ ဘာကြောင့်ပယ်ဖျက်ပေးလိုက်တယ်ဆိုတာ မကြေညာခဲ့ပါဘူးလို့ US Campaign for Buma အဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး Jennifer Quigley က ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် လက်ရှိစာရင်းမှာ ဖြည့်စွက်ထည့်သွင်းသင့်သူတွေရှိနေကြောင်း၊ ဥပမာ မြောက်ပိုင်းတိုင်းမှူးဆိုရင် ကချင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖေါက်မှုတွေမှာ တာဝန်ရှိသူဖြစ်ကြောင်းလည်း ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သမ္မတ အိုဘားမား ဆီကို ပူးတွဲပေးစာပေးပို့ခဲ့ကြတဲ့အဖွဲ့တွေထဲမှာ Human Rights Watch, US Campaign for Burma, Burma Campaign UK, Freedom House, ရွှေဂက်စ်လှုပ်ရှားမှုအဖွဲ့နဲ့ တိုင်းရင်းသားအဖွဲ့တွေ ပါဝင်ကြပါတယ်။