ဧရာဝတီမှာ အသက် ၈၀ ကျော် အမတ်လောင်း ခြောက်ဦးပါဝင်
လွှတ်တော်ကိုယ်စားလှယ်လောင်းလို့ ဆိုလိုက်ရင် လူငယ်နဲ့ လူလတ်ပိုင်းကိုပဲ ပြေးမြင်တတ်ကြတာပါ။ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ဧရာဝတီတိုင်းအတွင်း အသက် ၈၀ နဲ့ အထက် အမတ်လောင်း ခြောက်ဦး ရှိနေပါတယ်။
-
စိုးသိမ်း
2020-11-05 -
-
-
လွှတ်တော်ကိုယ်စားလှယ်လောင်းလို့ ဆိုလိုက်ရင် လူငယ်နဲ့ လူလတ်ပိုင်းကိုပဲ ပြေးမြင်တတ်ကြတာပါ။
နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ဧရာဝတီတိုင်းအတွင်း အမတ်လောင်း ၄၅၁ ဦး ရှိပြီး သူတို့ထဲမှာ အသက် ၈၀ ကျော်အရွယ် ခြောက်ဦး ပါဝင်ပါတယ်။ ရွေးကောက်ပွဲအတွက် တက်ကြွနေတဲ့ ဒီ သက်ကြီးဝါကြီးတွေက အသက်ဆိုတာ ကိန်းဂဏန်းတွေပါပဲ လို့ သက်သေပြဖို့ ကြိုးစားနေကြပါတယ်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက လေးဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မြန်မာနိုင်ငံ တောင်သူ လယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့က တစ်ဦးစီ ဖြစ်ကြပါတယ်။
သူတို့ထဲမှာ အသက်အကြီးဆုံး ဖြစ်တဲ့ ဦးမြတ်ဦးက လယ်သမား ပါတီကပါ။
လပွတ္တာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြတ်ဦးက ရွေးကောက်ပွဲ မဝင်ခင် ကျန်းမာရေးအတွက် ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။
“ကျနော် အသက် ၈၅ နှစ်ပါ။ ကျနော် ကျန်းမာရေး ကောင်းပါတယ်။ နောက် ငါးနှစ်အတွက်၊ ကျနော် ဝင်မရွေးခင် ကျန်းမာရေး သွားစစ်ပါတယ်၊ ကျနော် ကျန်းမာရေး အထဲရော၊ အကုန်စစ်ပါတယ်။ စစ်တဲ့ အခါကျတော့ ကျနော် ကျန်းမာရေး အရမ်းကောင်းတယ်၊ သိပ်ကောင်းတယ်။ အရမ်းကောင်းတယ်။ ကျနော် အခု အသက် ၈၅ နှစ် ခါးမနာသေးဘူး။ ဒူး မနာသေးဘူး၊ အားလုံး လျှောက်နိုင်သေးတယ်။ သွားနိုင်သေးတယ်။"
လွှတ်တော်ထဲကိုရောက်ရင် တောင်သူလယ်သမားအရေး၊ လူမှုရေး ကိစ္စတွေကို ဆောင်ရွက်ချင်တယ်လို့ သူက ဆက်ပြောပါတယ်။
“အခြေခံလူတန်းစား အခြေခံပြီး ကြီးပွားမှ နိုင်ငံက တိုးတက်မှာ၊ လယ်သမားတွေ ဆင်းရဲနေရင် ဘယ်တော့မှ မတိုးတက်ဘူးခင်ဗျ၊ လယ်သမား ရာခိုင်နှုန်း (၇၀) ရှိတဲ့ ပြည်သူ က ဆင်းရဲနေရင် ဘယ်လိုလုပ်တိုးတက်မလဲ၊ လယ်သမားတွေ ကောင်းကျိုးရှိအောင် ဆောင်ရွက်ချင်ပါတယ် ခင်ဗျ၊ ကျနော် လယ်သမားတွေကို ကြော်ငြာ ထားတယ်။ ငါ လွှတ်တော်တက်တဲ့နေ့ဆိုရင် လယ်သမားအကြောင်းပဲ ပြောမယ်။ ကျန်တာက နိုး ပဲ၊ ဒီပြင်တွေ ဘာမှ နားမလည်ဘူး။ ငါ က နိုင်ငံရေးသမား။ လူမှုရေး ဆိုပေမယ့်လည်း နိုင်ငံရေး ပြောရမယ့်အချိန် ရောက် လာပြီ၊ ကျနော် လူမှုရေးသမားပါ ခင်ဗျ၊ နိုင်ငံရေး သမားလည်း မဟုတ်ပါဘူး။"
ဦးမြတ်ဦးရဲ့ လပွတ္တာမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေမှာ တခြား ပြိုင်ဘက် သုံးဦး ရှိနေပြီး သူတို့ထက် ထောက်ခံမဲအရေအတွက် ပိုမိုရရှိရင်တော့ လွှတ်တော်ထဲ ရောက်မှာ ဖြစ်ပါတယ်။
ဦးမြတ်ဦးတို့ရဲ့ လယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီက ဧရာဝတီတိုင်းထဲမှာ ခြောက်နေရာသာ ဝင်ပြိုင်မှာပါ။
သက်တမ်းရင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကတော့ ဧရာဝတီတိုင်းဒေသကြီးထဲမှာ အမတ်လောင်း ၃၅ ယောက် ရှိပါတယ်။ အမတ်လောင်းအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းကျော်က အသက် ၆၀ ကျော်ပါပြီ။
တိုင်းဒေသကြီးလွှတ်တော်အတွက် ပါတီက ရွေးချယ်ထားသူတွေထဲက လေးဦးက အသက် ၈၀ နဲ့ အထက်တွေပါ။
သူတို့ထဲက တစ်ယောက်ဖြစ်တဲ့၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ လက်ထက်ကနေ အခုအချိန်အထိ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှာ ကန်ကြီးထောင့်မြို့နယ် ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဦးချစ်လှိုင်က သူတို့ဟာ ပါတီ သံယောဇဉ်ကြီးသူတွေဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“ဘဘကြီးတို့ က ပါတီကို သစ္စာစောင့်တဲ့သူတွေပေ့ါကွာ၊ ပါတီကောင်းစားတုန်းကတော့ ပါတီမှာ လုပ်ကြ ကိုင်ကြ၊ ရယ်ကြမောကြနဲ့ ပါတီ ဆင်းရဲဒုက္ခရောက်တော့မှ လှည့်မကြည့်ဘူးဆိုတာက ဘဘကြီးတို့က လက်မခံဘူး။ အဲဒါကြောင့်မို့လို့ ဒီပါတီကို သစ္စာစောင့်တဲ့အနေနဲ့ ဦးဆွေးဆံမြည့် သေမှ ပါတီက ထွက်မှာ။ အရှင်ထွက် မထွက်ဘူး။ အသေထွက် ထွက်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာပဲ။”
၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲတို့မှာ အောင်မြင်မှု မရရှိခဲ့ပေမယ့် ဆက်လက် ယှဉ်ပြိုင်ကြမှာပါ။
ရွေးကောက်ပွဲအတွက် တိုင်းဒေသကြီးလွှတ်တော်ကို ရွေးချယ်ရတာကလည်း ခိုင်လုံတဲ့အကြောင်း ရှိတယ်လို့လည်း ဖေဖော်ဝါရီမှာ အသက် ၈၀ ပြည့်ခဲ့တဲ့ အမတ်လောင်း ဦးချစ်လှိုင်က ပြောပါတယ်။
"ပြည်သူ့အလုပ်ကို လုပ်ချင်အားကြီးလို့ ပြည်သူ့လွှတ်တော်တို့၊ အမျိုးသားလွှတ်တော်တို့မှာတောင်မှ ဘဘကြီး သွားမရွေးဘူး၊ ပြည်သူ့လွှတ်တော်တို့၊ အမျိုးသားလွှတ်တော်တို့မှာဆိုရင် အစည်းအဝေးလုပ်နေတာနဲ့ အချိန် ကုန်တာပဲ၊ အဲဒီတော့ ဘဘကြီးက တိုင်းမှာလုပ်မယ်။ တိုင်းမှာလုပ်မှ ပြည်သူ့အတွက်ကို လုပ်လို့ရမှာ၊ အဲဒီ တော့ စိတ်သွားတိုင်း ကိုယ်ပါတယ်။ စိတ်ရော၊ ကိုယ်ရောပါတယ်။ အခုအထိလည်း နားတဲ့နေ့ရက်ဆိုတာ မရှိဘူး။ အဲဒါကို လျှော့တော့ မတွက်နဲ့။ ပြေးနိုင်တဲ့သူဟာ ပန်းတိုင်ကို ရောက်တယ်ကွ၊ ဘဘကြီး အသက် ၈၀ ကျော်ပြီ။"
ဦးချစ်လှိုင်က လာမယ့် ရွေးကောက်ပွဲမှာ သူ့ပြိုင်ဘက် လေးဦးကို နိုင်ရင် တိုင်းလွှတ်တော်တက်ရမှာ ဖြစ်ပါတယ်။
ဧရာဝတီတိုင်းမှာ လွှတ်တော် ကိုယ်စားလှယ်နေရာအားလုံးကို ဝင်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမတ်လောင်းတွေထဲမှာ ကျုံပျော်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် အမှတ် (၁) အမတ်လောင်း ဦးစိန်လွင်က အသက်အကြီးဆုံးပါ။
ဇူလိုင်လမှာ အသက် (၈၀) ပြည်ခဲ့တဲ့ ဦးစိန်လွင်က NLD ပါတီ စထောင်ကတည်းက ကျုံပျော်မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး တာဝန်နဲ့ နိုင်ငံရေးဘဝကို စတင်ခဲ့ပြီး ၂၀၁၄ ခုနှစ်က စပြီး ဒီနေ့အချိန်အထိ ကျုံပျော်မှာ ဥက္ကဋ္ဌ တာဝန် ကို ထမ်းဆောင်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
“၃၂ နှစ် တာကာလမှာ ကျနော်က ပါတီဥက္ကဋ္ဌနဲ့ ဆက်လက် တာဝန်ထမ်းဆောင်နေရင်းနဲ့ နောက် စိတ်ကူး ပေါ်လာတာကတော့၊ ဒီ ၂၀၂၀ မှာ ငါ့ အသက်ကလည်း ၈၀ ရှိပြီ။ နောက်တစ်ခုက မြို့နယ်အနေနဲ့လည်း သမိုင်းလေး ကျန်ခဲ့အောင်လို့ ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ အမှတ် ၁ နယ်မြေကနေ ပါဝင်ပြီးတော့ ဆောင်ရွက်တာပါ။"
အမတ်လောင်း ဦးစိန်လွင်က ၁၉၇၅ ခုနှစ်မှာ စစ်မှုထမ်းလုပ်သက် ၁၆ နှစ်နဲ့ အငြိမ်းစားယူပြီး ၁၉၈၈ မှာ NLD ပါတီ ဝင်ခဲ့သူပါ။
ပါတီဝင်တစ်ဦးအနေနဲ့ ရွေးကောက်ပွဲအဆက်ဆက်မှာ နောက်ကွယ်က ကူညီခဲ့ပေမယ့် အနာဂတ်မှာတော့ လွှတ်တော်ထဲဝင်ပြီး ဉာဏ်ရည်ကစားချင်တယ်လို့ ဦးစိန်လွင်က ဆိုပါတယ်။
“အခုအချိန်အထိလည်း ကျနော် ကျေးရွာတွေကို နေ့တိုင်းဆင်းနေတာ၊ ပြောရရင်တော့ ကျနော်တို့က ပင်ပင်ပန်းပန်းနဲ့ ထမ်းပိုးရမယ့် လေးလေးပင်ပင် လုပ်ရမယ့် အလုပ်တော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ စီမံခန့်ခွဲတဲ့ အပိုင်းလေးတွေကျတော့ ကျနော်တို့က ဦးနှောက်နဲ့ ဉာဏ်ရည်ကစားတဲ့ အနေအထားမှာပဲ ရှိတော့လေ။ ကျနော် ဒါတွေကိုတော့ လုပ်နိုင်တယ်လို့ ကျနော် ယူဆတယ်။"
ဦးစိန်လွင်ဟာ တခြားပါတီ ခြောက်ခုက အမတ်လောင်းတွေနဲ့ ယှဉ်ပြိုင်ရမှာပါ။
ကျန်တဲ့ သက်ကြီးဝါကြီး သုံးယောက်ကတော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကဖြစ်ပြီး တိုင်းလွှတ်တော်အတွက် ပြိုင်ကြမှာပါ။
မအူပင် ၁ က ဦးပိုက်၊ ဟင်္သာတ ၂ က မန်းသိန်းလွင်တို့က အသက် ၈၀ ဖြစ်ပြီး မအူပင် ၂ က ပြိုင်မယ့် ဦးအောင်သောင်းက ၈၂ နှစ် ဖြစ်ပါတယ်။
ရန်ကုန်အခြေစိုက်တဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာနေတဲ့ ဖန်တီးအိမ်အဖွဲ့ရဲ့ ဒါရိုက်တာ ဒေါ်ခင်လေးငယ်က အသက်ကြီးသူတွေဆီမှာလည်း အားသာချက်တွေရှိတယ်လို့ မှတ်ချက်ပြုပါတယ်။
“အသက်ကြီးတဲ့လူတွေပါတာကိုတော့ စိတ်ပျက်စရာတော့ မရှိပါဘူး။ သူတို့ ဘယ်လိုရည်ရွယ်ချက်နဲ့ ပါလဲပေါ့၊ ပြီးရင် သူတို့ရဲ့ လုပ်ရည်ကိုင်ရည်။ အသက်ကြီးတဲ့သူတွေက တစ်ခု ပိုအားသာတာက သူတို့ဘာတွေလုပ်ခဲ့လဲ ဆိုတာက ကျွန်မတို့ လေ့လာကြည့်လို့ရတာပေါ့နော်။ ငယ်တဲ့လူတွေဆိုရင်တော့ သူတို့ ဘာလုပ်ပေးနိုင်မလဲ ဆိုတာ မှန်းရတာပေါ့။ ကြီးတဲ့သူတွေ ဆိုရင်တော့ သူတို့ တစ်ချိန်က ဘာတွေ လုပ်ခဲ့ပေးလဲ၊ ဘာဆက်လုပ်မလဲ။ ဒီငါးနှစ်သက်တမ်းကို သူတို့ ဘာတွေ လုပ်ဆောင်မလဲ ဆိုတာ မှန်းလို့တော့ ရပါတယ်။ ဖြစ်စေချင်တာတော့ အားလုံးပါဝင်မှုကို ကိုယ်စားပြုတဲ့ ဒီမိုကရေစီစနစ်ဖြစ်ရင် ပိုပြည့်စုံတာပေါ့”
ဧရာဝတီတိုင်းဒေသကြီးထဲမှာ ဝင်ပြိုင်မယ့် အမတ်လောင်းအားလုံးရဲ့ ၄၀ ရာခိုင်နှုန်းက အသက် (၆၀) ကျော်အရွယ်တွေ ဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)