ပန်ဒါစက်ရုံ အလုပ်သမားများ မန္တလေးအထိ ချီတက်ဆန္ဒပြမည်
မန္တလေးတိုင်းဒေသကြီး ပလိပ်မြို့ ပန်ဒါချည်မျှင်နဲ့အထည်ချုပ်စက်ရုံက ဆန္ဒပြအလုပ်သမားတွေဟာ မနက်ဖြန်မှာ မန္တလေးမြို့အထိ သွားရောက်ဆန္ဒပြမယ်လို့ ဆန္ဒပြအလုပ် သမားတွေက ပြောပါတယ်။
-
2016-08-11 -
-
-
Your browser doesn’t support HTML5 audio
မန္တလေးတိုင်းဒေသကြီး ပလိပ်မြို့ ပန်ဒါချည်မျှင်နဲ့အထည်ချုပ်စက်ရုံက ဆန္ဒပြအလုပ်သမားတွေဟာ မနက်ဖြန်မှာ မန္တလေးမြို့အထိ သွားရောက်ဆန္ဒပြမယ်လို့ ဆန္ဒပြအလုပ်သမားတွေက ပြောပါတယ်။
စက်ရုံရှေ့မှာ ဆန္ဒပြနေတာ ရက်ပေါင်း ၇ဝ ကျော်ရှိနေပြီး သက်ကြီးအလုပ်သမားတွေ ကျန်းမာရေး ထိခိုက်တာ၊ စားဝတ်နေရေး အခက်ခဲဖြစ်လာတာတွေကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ အမြန်ဆုံး ဖြေရှင်းပေး ဖို့ တောင်းဆိုတာဖြစ်တယ်လို့ ဆန္ဒပြအလုပ်သမား မဇာခြည်ဝင်းက ပြောပါတယ်။
"အစက ကျမတို့ အခြေခံအလုပ်သမားအဖွဲ့အစည်း ရန်ပုံငွေနဲ့ ရပ်တည်တယ်၊ အခု စားဝတ်နေရေး ခက်ခဲလာတဲ့ အတွက် ကျမတို့ အလှူခံပြီး ကျွေးရတာမျိုးတွေရှိတယ်၊ အသက် ၄ဝ ကျော်ဝန်ထမ်းတွေလည်း များတယ်လေ၊ အသက်ကြီးတဲ့ ဝန်ထမ်းတွေများတဲ့အတွက် ကျန်းမာရေး၊ စီးပွားရေး၊ စားဝတ်နေရေး ထိခိုက်လာတဲ့အတွက် ခုစားဝတ်နေရေးကို ရပ်တည်နိုင်ဖို့အားကလည်း နည်းနေပြီပေါ့၊ ရွာတွေကလည်း ရေတွေကြီးတော့ အလှူခံကျွေး ဖို့ သိပ်အဆင်မပြေတော့လို့ အမြန်ဆုံးလာရောက် ဖြေရှင်းပေးစေလိုရေးအတွက် မန္တလေးကို တက်တာလည်းဖြစ် တယ်"
အလုပ်သမားတွေဟာ မနက်ဖြန်မှာ ပန်ဒါချည်မျှင်နဲ့အထည်ချုပ်စက်ရုံရှေ့က သပိတ်စခန်းကနေ မန္တလေးမြို့အထိ ကားနဲ့သွားပြီး အဲ့ဒီကနေမှ မြို့တွင်းလမ်းလျှောက် ဆန္ဒပြကြမှာဖြစ်ပါတယ်။
စက်မှုဝန်ကြီးဌာနနဲ့ အထည်ချုပ်စက်ရုံပိုင်ရှင်တို့ သဘောတူစာချုပ်ထဲမှာပါတဲ့ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေပေးဖို့၊ အလုပ်ဖြုတ်ထားတဲ့ အလုပ်သမားတွေကို ပြန်ခန့်ပေးဖို့ဆိုပြီး အလုပ်သမားတွေ က တောင်းဆိုထားတာဖြစ်ပါတယ်။
အထည်ချုပ်စက်ရုံမန်နေဂျာ ဒေါ်တင်တင်ရွှေက အလုပ်သမားနဲ့ အလုပ်ရှင်ကြား အလုပ်ချိန်နဲ့ လုပ်ခလစာတွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းပေမယ့် အဆင်မပြေခဲ့ဘူးလို့ ပြောပါတယ်။
ပန်ဒါချည်မျှင်နဲ့ အထည်စက်ရုံပိုင်ရှင်ကို အလုပ်ရှင်နဲ့ အလုပ်သမား အလုပ်ခန့်ထားရေးဆိုင်ရာစာချုပ် ချိုးဖောက်တဲ့အတွက် မန္တလေးတိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ပြီးခဲ့တဲ့ မတ်လမှာ တရားစွဲဆိုထားပါတယ်။
ပုလိပ်အထည်စက်ရုံ အခြေခံအလုပ်သမားအဖွဲ့ (၁) ရဲ့အတွင်းရေးမှူး မဇာခြည်ဝင်းကို RFA မခက်မာ က ဆက်သွယ်မေးမြန်းထားပါတယ်။