အလုပ်ထုတ်ခံရတဲ့ ပန်ဒါစက်ရုံ အလုပ်သမားတွေနဲ့ အလုပ်ရှင် ဆွေးနွေးမှု မပြီးပြတ်သေး
2018.11.08

မန္တလေးတိုင်းဒေသကြီး၊ ပလိပ်မြို့ ပန်ဒါချည်မျှင်နဲ့ အထည်စက်ရုံက အလုပ်သမား ၂၀၀ ကျော် အလုပ်ထုတ် ခံရတာနဲ့ ပတ်သက်လို့ ညှိနှိုင်းပေးဖို့ အလုပ်သမားတွေ စုပေါင်းပြီး တိုင်းဒေသကြီး အစိုးရရုံးကို ဒီနေ့ လာရောက်ခဲ့ပေမဲ့ ပလိပ်ရဲစခန်းရှေ့မှာ တားမြစ်ခံခဲ့ရပါတယ်။
အလုပ်သမားတွေ အလုပ်ထုတ်တာနဲ့ ပတ်သက်လို့ ၁၂ ဦးကော်မတီ၊ အလုပ်ရှင်နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတို့ ပုလိပ်ရဲစခန်းမှာ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နေကြောင်း၊ အလုပ်သမားတွေက ဒီနေ့ ညနေပိုင်းအထိ အဖြေ ကိုစောင့်နေကြတာဖြစ်လို့ အဆင်မပြေရင်တော့ အဲဒီ စခန်းရှေ့မှာပဲ ထိုင်သပိတ်သဘောမျိုး ဆက်လက်ပြုလုပ်သွား မှာဖြစ်ကြောင်း အခြေခံအလုပ်သမားအဖွဲ့အစည်း အတွင်းရေးမှူး မဇာခြည်ဝင်းက ပြောပါတယ်။
အလုပ်ရှင်အလုပ်သမား သဘောတူစာချုပ်ကို အလုပ်ရှင်ဘက်က တဖက်သတ်ချုပ်ဆိုထားတယ်ဆိုပြီး အလုပ်သမား ၂၀၀ ခန့်က လတ်မှတ်မထိုးတာကြောင့် အလုပ်ကနေ ထုတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပန်ဒါစက်ရုံလုပ်သားတွေဟာ စက်မှုဝန်ကြီးဌာနရဲ့ အစိုးရဝန်ထမ်းဟောင်းတွေဖြစ်ပြီး သူတို့တွေကို ၂၀၁၃ ခုနှစ်က အစိုးရပင်စင် စားဘဝနဲ့ ပုဂ္ဂလိကဝန်ထမ်းတွေအဖြစ် Panda Textile ကုမ္ပဏီကို လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလကလည်း ပန်ဒါစက်ရုံအလုပ်သမားတွေ ဟာ မန္တလေးမြို့ပေါ်မှာ ဆိုင်ကယ်တွေနဲ့ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။