ပန်ဒါသပိတ်အလုပ်သမားတွေနဲ့ အလုပ်ရှင် သဘောတူညီမှုရ
2017.02.09

၈ လကျော်ကြာအောင် သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ကြတဲ့ မန္တလေးတိုင်း ပုလိပ်မြို့ ပန်ဒါချည်မျှင်အထည်ချုပ်စက်ရုံ အလုပ်သမားတွေနဲ့ အလုပ်ရှင်ကြား မနေ့က ညှိနှိုင်းခဲ့ရာမှာ မူအားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်လို့ အမျိုးသားလွှတ်တော် ပြည်တွင်းပြည်ပ အလုပ်သမားရေးရာကော်မတီ ဥက္ကဌ ဦးကျော်ထွေးက ပြောပါတယ်။
အဓိကထား ညှိနှိုင်းနေရတဲ့ကိစ္စဖြစ်တဲ့ အလုပ်အထုတ်ခံထာားရတဲ့ အလုပ်သမားခေါင်းဆောင် ၄ ယောက်ကို အလုပ်ပြန်လည်ခန့်အပ်ဖို့ ကိစ္စမှာလည်း အလုပ်ရှင်ဘက်က ၂ ယောက်ကို ပြန်ခန့်ဖို့ သဘောတူလိုက်တယ်လို့ အမျိုးသားလွှတ်တော် ပြည်တွင်းပြည်ပ အလုပ်သမားရေးရာကော်မတီ ဥက္ကဌ ဦးကျော်ထွေးက ပြောပါတယ်။
"တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖွဲ့စည်းပေးထားတဲ့ ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ရဲ့ သူတို့အကြမ်းလုပ်ထားတဲ့ စာချုပ် အချက် ၂၈ မှာ ပထမဦးဆုံးအချက်ဖြစ်တဲ့ အလုပ်သမားခေါင်းဆောင် ၄ ဦးကို ပြန်လည်ခန့် အပ်ရေးဆိုတဲ့ကိစ္စမှာ မပြေမလည်ဖြစ်နေကြတယ်။ မပြေမလည်ဖြစ်နေတော့ အဲဒီအချက်ကို အဓိကထားပြီး ကျနော်တို့ ညှိနှိုင်းကြတော့ အလုပ်သမားခေါင်းဆောင် ၄ ဦးထဲက ၂ ဦးထဲက ၂ ဦးကို ပြန်ခန့်မယ်။ ကျန်တဲ့ ၂ ဦးကို အခန့်အပ်ခံ အလုပ်သမားခေါင်းဆောင် ၂ ဦးရဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ် မူတည်ပြီးတော့ ကျန်တဲ့ ၂ ဦးကို အလုပ်ခန့်အပ်နိုင်ရေး ပြန်ပြီးစဉ်းစားမယ်ဆိုတဲ့ အချက်ပေါ်မှာတော့ သဘောတူညီမှု ရခဲ့ကြတယ်"
တိုင်းဒေသကြီးအစိုးရက ဖွဲ့စည်းပေးထားတဲ့ ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့က လက်ခံထားတဲ့ စာချုပ် ၂၈ ချက်မှာ ၂၇ ချက်ကို သဘောတူညီပေမယ့် ပထမဆုံးအချက်ဖြစ်တဲ့ အလုပ်သမားခေါင်းဆောင် ၄ ယောက်ကို ပြန်လည်ခန့် ထားရေးအတွက် မနေ့က အဓိက ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
မနေ့က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ အလုပ်သမားခေါင်းဆောင်တွေ၊ အလုပ်ရှင်ဘက်က ကိုယ်စားလှယ်တွေ၊ ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံညှိနှိုင်းကြ တာ ဖြစ်ပါတယ်။
ဒီကနေ့မှာ အလုပ်ရှင်အလုပ်သမား သဘောတူညီမှုစာချုပ်ကို ပြန်လည်ချုပ်ဆိုဖို့ ဆက်လက်ဆွေးနွေးကြမှာဖြစ်ပြီး သဘောတူညီမှု ရရှိရင်တော့ ၃ ရက်အတွင်း သပိတ်စခန်းကို ပိတ်သိမ်းရမှာဖြစ်ပါတယ်။
အလုပ်ရှင်ဘက်က သဘောတူညီမှုစာချုပ်ကို ဖောက်ဖျက်လို့ဆိုပြီး အလုပ်သမားတွေ ဆန္ဒပြကြတာ ၈ လကျော်နေ ပြီဖြစ်ပါတယ်။