အက်စစ်နဲ့ တိုက်ခိုက်ခံရသူ တရားစွဲထားတဲ့ အမှု နှစ်မှုကို ပန်းတနော်တရားရုံး ပယ်ချ
ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်က အက်စစ်နဲ့ အတိုက်ခံရတဲ့ မလဲ့လဲ့ဝင်း တရားစွဲဆိုထားတဲ့ အမှုနှစ်မှုကို ပန်းတနော်မြို့နယ် တရားရုံးက မနေ့က ပယ်ချလိုက်ပါတယ်။
- 2021-02-12
-
-
-
ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်က အက်စစ်နဲ့ အတိုက်ခံရတဲ့ မလဲ့လဲ့ဝင်း တရားစွဲဆိုထားတဲ့ အမှုနှစ်မှုကို ပန်းတနော်မြို့နယ် တရားရုံးက မနေ့က ပယ်ချလိုက်ပါတယ်။
အက်စစ်နဲ့ မတိုက်ခိုက်ခံရခင် သုံးလလောက်အလိုမှာ ဒေါ်မြင့်မြင့်မော် ဆိုသူက ကတ်ကြေးလို ဓားလို ချွန်ထက်တဲ့အရာကိုင်ကာ မလဲ့လဲ့ဝင်း နေအိမ်ထဲဝင်လာပြီး အက်စစ်နဲ့ပတ်မယ် သတ်ပြစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ မလဲ့လဲ့ဝင်းက ပြောပါတယ်။ အဲ့ဒီကိစ္စကို မလဲ့လဲ့ဝင်းက ရာဇသတ်ကြီးပုဒ်မ ၄၅၁ အိမ်ကျော်နင်းမှု၊ ပုဒ်မ ၅၀၆ ခြိမ်းခြောက်မှုနဲ့ တရားစွဲထားတာ ဖြစ်ပါတယ်။
အဲဒီအမှု တရားရုံးရောက်ပြီး ကိုးလကျော်အကြာမှာ မြို့နယ်တရားရုံးက မနေ့က ပယ်ချလိုက်တာဖြစ်ပြီး ခရိုင်တရားရုံးကို ဆက်လက်တိုင်ကြားသွားမယ်လို့ ဆိုပါတယ်။
မလဲ့လဲ့ဝင်းဟာ ပြီးခဲ့တဲ့ ၂၀၁၉ အောက်တိုဘာ ၂၄ ရက်နေ့ညက ပန်းတနော်မြို့လယ်ခေါင်က အိမ်ရှေ့မှာ အက်ဆစ်နဲ့ ပက်ခံခဲ့ရပြီး မျက်နှာတစ်ခုလုံးနဲ့ ခန္ဓာကိုယ်တစ်ခုလုံးနီးပါး အရေပြားတွေ ပျက်စီးသွားခဲ့ရတာပါ။
မော်တော်ဆိုင်ကယ်နဲ့ လူနှစ်ယောက် ရောက်လာပြီး ရုတ်တရက် အက်ဆစ်နဲ့ ပက်သွားတာလို့ မလဲ့လဲ့ဝင်းက ဆိုပါတယ်။
အက်ဆစ်နဲ့ အပက်ခံရတဲ့အတွက် အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၆ နဲ့ ပန်းတနော် မြို့မရဲစခန်းမှာ ဖွင့်ထားတဲ့အမှုဟာ တစ်နှစ်ကျော်ကြာတဲ့ ဒီနေ့အချိန်အထိ ထူးခြားမှု တစ်စုံတစ်ရာ မရှိသေးဘူးလို့ ကာယကံရှင် မလဲ့လဲ့ဝင်းက ပြောပါတယ်။