ပန်းတနော်မှာဝင်ပြိုင်မယ့် အမတ်လောင်းတွေ အက်ဆစ်အမှုကို ကူညီမယ်လို့ဆို

သန့်ဇင်ဦး
2020.11.01

ပန်းတနော်မြို့လယ်ခေါင်မှာ အက်ဆစ်နဲ့အပက်ခံခဲ့ရလို့ မျက်လုံးတစ်ဖက် ကွယ်ခဲ့တဲ့အပြင် ခန္ဓာကိုယ် တစ်ခုလုံးနီးပါး အရေပြားတွေပျက်စီးသွားရတဲ့ တစ်နှစ်ကျော်တဲ့အထိ ကျူးလွန်သူကိုဖမ်းမမိသေးတဲ့ အမှုအတွက် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပန်းတနော်မြို့အတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် အမတ်လောင်းတွေက ကူညီပေးသွားမယ်လို့ ပြောကြပါတယ်။

ဧရာဝတီတိုင်း ပန်းတနော်မြို့မှာ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့ညက အမည်မသိ လူ နှစ်ယောက် ရဲ့ အက်ဆစ်ပက် အတိုက်အခိုက်ခံရမှုအတွက် အဲနေ့ညမှာပဲ အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၆ နဲ့ ပန်းတနော် မြို့မရဲစခန်းမှာ ဖွင့်ထားတဲ့အမှုဟာ တစ်နှစ်ကျော်သွားတဲ့ ဒီနေ့အချိန်အထိ ကျူးလွန်သူ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ပန်းတနော်မြို့ရဲ့ လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လည်းဖြစ် လာမယ့်ရွေးကောက်ပွဲအတွက် ထပ်မံယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းလည်းဖြစ်တဲ့ ဦးမန်းညွန့်သိန်းက တရားဥပဒေစိုးမိုးမှုရရှိဖို့ ဆက်လက်ကူညီပေးမယ်လို့ ပြောပါတယ်။

"ဖြစ်တောင့်ဖြစ်ခဲ့ပေါ့နော်၊ ဒီကိစ္စက အသက်သေအောင် သတ်တာလည်းမဟုတ် ဘဝပျက်သွားအောင်၊ ဒါတွေက နောက်ထပ်မဖြစ်အောင် တရားဥပဒေစိုးမိုးရေးကိုပဲ ဦးစားပေးရမှာပဲ၊ ဘာပဲပြောပြောလူတွေက မကျေနပ်ချက်ကို ခုနကနည်းနဲ့ဖြေရှင်းမယ်ဆိုရင် တိုင်းပြည်ရော အကုန်လုံးက ပျက်စီးသွားမှာပဲနော်၊ ဒါကို မကူးစက်အောင် မပြန့်ပွားအောင်ဆိုရင် ဒီအမှုကပေါ်မှဖြစ်မယ့် သဘောပေါ့၊ တကယ်လို့များ လွှတ်တော် ကိုယ်စားလှယ် ဆက်ပြီးတော့ ဖြစ်မယ်ဆိုရင်တော့ တရားဥပဒေစိုးမိုးရေးဘောင်ကနေပြီးတော့ တရားမျှတမှု ရေချိန်ပေါ့ အဲတာလေးကိုပဲ ဆက်ပြီးတော့ ကြိုးစားသွားရမှာပဲ။"


ဦးမန်းညွန့်သိန်းဟာ ဒီအမှုအမြန်ဆုံး ပေါ်ပေါက်စေဖို့အတွက် ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့တွေထံတင်ပြပြီး အကူအညီပေးခဲ့ပေမယ့် ဒီနေ့အချိန်အထိ ထူးခြားမလာသေးတာဖြစ်ပါတယ်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရဲ့ ပန်းတနော်မြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းမောင်ကလည်း သူအနိုင်ရရင် အမှုမှန်ပေါ်ရေး ကူညီပေးဖို့ အသင့်ရှိနေတယ်လို့ ပြောပါတယ်။

"ဒီဥစ္စာကတော့ ဥပဒေမဲ့လုပ်တာကိုးဗျ၊ ဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်ပေးမယ့် ပြည်သူရဲတို့ ဥပဒေနဲ့ ဆိုင်ရာလုပ်သူတွေကိုတော့ အကြံပေးနိုင်တယ်၊ တွန်းအားပေးနိုင်တယ်၊ ပြည်သူဘက်က သက်သေ အထောက်အထားတွေကိုတော့ ကျွန်တော်တို့တတ်နိုင်သလောက် ရှာပေးနိုင်မယ်၊ အရွေးချယ်ခံရလို့ ပါရင်တော့ ဒီလိုအမှုမှန် ပေါ်ပေါက်အောင်လို့ သော်လည်းကောင်း ဒီလိုဖြစ်နိုင်တဲ့အပေါ်မှာ ကျွန်တော်တို့ ပြည်သူလူထု ကျွန်တော်တို့ကိုပေးလိုက်တဲ့ မဲဆန္ဒရှင်လူထုရဲ့ အကူအညီနဲ့ အမှုမှန်ဖော်ထုတ်ရေးကိုတော့ ဆောင်ရွက်နိုင်မယ်လို့ ယူဆပါတယ်ခင်ဗျ၊ အမှုဆိုတာ မဆွေးဘူးလေဗျာ၊ ဘာပဲဖြစ်ဖြစ် အမှုမှန်ပေါ်ပေါက်ရေး အတွက်တော့ ကျွန်တော်တို့ တတ်နိုင်သလောက်လုပ်ရမယ့် အနေအထားရှိတာပေါ့ဗျာ။"

၈၈ မျိုးဆက် ကျောင်းသားဟောင်းတွေဦးဆောင်တဲ့ ပြည်သူ့ပါတီရဲ့ ပန်းတနော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုးတင့်ကတော့ အက်ဆစ်အမှုအပါအဝင် အခြားသော တရားဥပဒေစိုးမိုးမှု မရှိတဲ့ ဖြစ်စဉ်တွေ မဖြစ်အောင် ဧည့်စာရင်းဥပဒေကို ပြန်အသက်သွင်းမယ်လို့ ပြောပါတယ်။

"ပြည်သူတွေက ကျီးလန့်စာစားနေရတဲ့ အခြေအနေမျိူးတွေရှိတယ် နေရာတကာမှာပေါ့နော်၊ ဒီအက်ဆစ်ပက်ခံရတဲ့ အခြေအနေအပြင်ကို ဆိုက်ကယ်ခိုးတဲ့အမှုတွေက သောင်းခြောက်ထောင်ပဲ၊ တရားဥပဒေစိုးမိုးမှုမရှိတာရယ် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို စောင့်ရှောက်ပေးရမယ့် ဌာနတွေ ဝန်ထမ်းတွေ အားနည်းလာတာတွေလည်း ပါမှာပေါ့၊ အဲလိုဟာတွေ အားလုံးကတော့ ကျွန်တော်ကတော့ ထင်တာတော့ ဧည့်စာရင်းဖျက်သိမ်းလိုက်တဲ့ ဥပဒေကြောင့်လို့ပဲ ထင်တာပဲ၊ အဲတော့ ကျွန်တော်တို့သာ တကယ်လို့ဖြစ်လာခဲ့ရင် အဲဒီဧည့်စာရင်းတိုင်တဲ့ဥပဒေကို ပြန်ပြီးတော့ အသက်သွင်းချင်တယ်၊ ဥပဒေရဲ့ သက်ဝင်မှုတွေ အားကောင်းလာရင် အဲဒီကိစ္စတွေ တဖြည်းဖြည်း ပပျောက်သွားမယ်လို့တော့ ထင်တာပဲ။

ဒါပေမဲ့ ဧည့်စာရင်းဥပဒေကို ကိုင်တွယ်အသုံးပြုမယ့် သူတွေကိုတော့ ပြည်သူတွေအပေါ် ခြိမ်းခြောက်တာ၊ ဒဏ်ရိုက်တာတွေ မလုပ်မိစေပဲ သမာသမတ်ကျအောင် စောင့်ကြည့် ထိန်းမတ်ပေးဖို့ လိုတယ်လို့ ဦးစိုးတင့်က ဆိုပါတယ်။

အက်ဆစ်နဲ့ အပက်ခံရတဲ့အမှု အမြန်ပေါ်ဖို့အတွက် ကာယကံရှင် မလဲ့လဲ့ဝင်းကိုယ်တိုင် ဧရာဝတီတိုင်း မှုခင်းတပ်ဖွဲ့(CID) နဲ့ နေပြည်တော်အထိ တိုင်ကြားစာတွေ အဆင့်ဆင့် ပေးပို့ထားပေမယ့် တစ်နှစ်ကျော်သွားတဲ့ ဒီနေ့အချိန်အထိ စုံစမ်းဆဲအခြေအနေမှာသာ ရှိနေသေးတာပါ။

အက်ဆစ်နဲ့ ပက်ခံခဲ့ရလို့ မျက်လုံးတစ်ဖက်ကွယ်ခဲ့တဲ့အပြင် မျက်နှာတစ်ခုလုံးနဲ့ ခန္ဓာကိုယ်တစ်ခုလုံးနီးပါး အရေပြားတွေ ပျက်စီးသွားခဲ့ရသူ မလဲ့လဲ့ဝင်းကတော့  တစ်နှစ်ကျော်တဲ့ ဒီနေ့အချိန်အထိ ကြိုးစားပြီး ဆေးကုနေရသလို ကျူးလွန်သူအမြန်ဖမ်းမိဖို့လည်း မျှော်လင့်နေဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။