မန္တလေးမြို့မှ လူမှုရေးအဖွဲ့များ အမုန်းမပွားရေး နှိုးဆော်
“လူသားအချင်းချင်း အမုန်းမပွားဖို့ ငါတို့နှုတ်ကို စောင့်စည်းစို့” စာတမ်းတွေ ရိုက်နှိပ်ထားတဲ့ တူညီတီရှပ်တွေ ဝတ်ဆင်ပြီး မန္တလေးမြို့က လူမှုရေးအသင်းအဖွဲ့တွေ ဒီနေ့ စုပေါင်းရေကစားခဲ့ကြပါတယ်။
-
2014-04-14 -
-
-
“လူသားအချင်းချင်း အမုန်းမပွားဖို့ ငါတို့နှုတ်ကို စောင့်စည်းစို့” စာတမ်းတွေ ရိုက်နှိပ်ထားတဲ့ တူညီတီရှပ်တွေဝတ်ဆင်ပြီး မန္တလေးမြို့က လူမှုရေး အသင်းအဖွဲ့တွေ ဒီနေ့ စုပေါင်းရေကစားခဲ့ကြပါတယ်။
မန္တလေးမြို့ ကျုံးမြောက်ဘက် ၂၄ လမ်းနဲ့ ၇၃-၇၄ လမ်းကြားမှာ ဘာသာပေါင်းစုံက ကလေးငယ်တွေ စုပေါင်းပြီး ရေကစားခဲ့ကြတယ်လို့ ဦးဆောင်စီစဉ်ခဲ့တဲ့ “ပန်းစကား” အဖွဲ့က ကိုညီညီကျော်က အခုလို ပြော ပါတယ်။
"ကျနော်တို့ ကလေးတွေကို ဖိတ်ခေါ်တယ်၊ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ အပါအဝင် လမ်းပေါ်မှာသွားနေတဲ့ ကလေးတွေပါ ဖိတ်ခေါ်ခဲ့တယ်၊ ဖိတ်ခေါ်ပြီးတော့ ဒီကလေးတွေရဲ့ ပျော်ရွှင်မှုက နံပါတ် ၁ ဖြစ်သလို နိုင်ငံတစ်ခုရဲ့ ရိုးရာပွဲတော်ဟာ အားလုံးနဲ့သက်ဆိုင်တယ်ဆိုတဲ့ အသိကလေးကို မျှဝေချင်တဲ့အတွက်ကြောင့်မို့ ဒီအစီအစဉ်လေးကို ကျနော်တို့ကလုပ်ဖြစ်သွားတယ်၊ ကျနော်တို့ ပန်းစကားဆိုတဲ့ ပိတောက်ပန်းကလေး ကိုက်ထားတဲ့ တီရှပ်တွေကို ကျနော်တို့ ဝတ်ဆင်ပါတယ်၊ ပေးချင်တဲ့ဟာလေးက လူသားအချင်းချင်း အမုန်းမပွားဖို့ ငါတို့နှုတ်ကို စောင့်စည်းစို့ ဆိုတဲ့တီရှပ်ကလေးကို ဝတ်ဆင်ထားပါတယ် "
ဒီကနေ့ တူညီဝတ်စုံတွေနဲ့ ရေကစားခဲ့တဲ့ အစီအစဉ်ကို မန္တလေးမြို့က မိဘမဲ့ကလေးတွေ၊ HIV/AIDS ဂေဟာက ကလေးတွေနဲ့ လမ်းတွေပေါ်မှာပဲ နေထိုင်ကြတဲ့ အိုးအိမ်မဲ့ ကလေးတွေလည်း ပါဝင်ခဲ့ကြပါတယ်။ ဒါ့အပြင် “ပန်းစကား” အဖွဲ့ဟာ သြင်္ကန်ကာလအတွင်း လူမျိုးရေးဘာသာရေး အမုန်းပွားစေမယ့် အပြောအဆိုတွေကို ရှောင်ရှားကြဖို့အတွက် လက်ကမ်းစာစောင်တွေ၊ စတစ်ကာတွေနဲ့ တီရှပ်အင်္ကျီတွေကို အခုရက်ပိုင်းအတွင်း မန္တလေးမြို့မှာ ဖြန့်ဝေခဲ့ပါတယ်။