ဘိန်းခင်းဖျက်ဆီးရေး ခေတ္တ ရပ်ထားဖို့ ပတ်ဂျာဆန်အဖွဲ့ ဆုံးဖြတ်
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း ဘိန်းခင်းဖျက်ဆီးရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ပတ်ဂျာဆန် လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့များရဲ့ လုပ်ငန်းများ ကို ခေတ္တရပ်နားဖို့ ဒီကနေ့ အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ် လိုက်ပါတယ်။
-
2016-02-27 -
-
-
Your browser doesn’t support HTML5 audio
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း ဘိန်းခင်းဖျက်ဆီးရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ပတ်ဂျာဆန် လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့များရဲ့ လုပ်ငန်းများကို ခေတ္တရပ်နားဖို့ ဒီကနေ့ အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်လိုက်ပါတယ်။
အဖွဲ့အနေနဲ့ လှုပ်ရှားမူနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က စတင်ခဲ့ရာမှာ အခက်အခဲနဲ့အဆင်မပြေမှုတွေ အများကြီးတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
လတ်တလောမှာလည်း ဘိန်းခင်းပိုင်ရှင်တွေလို့ ယူဆရသူတွေရဲ့ လက်နက်တွေနဲ့ တိုက်ခိုက်တားဆီးတာတွေ ခံထားရပါတယ်။ ဒီအခြေအနေတွေကြောင့် ပြည်ထောင်စုအစိုးရရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဖို့ရှိနေတယ်လို့ ပတ်ဂျာဆန်အဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးထူးရော်က ပြောပါတယ်။
"ပြည်နယ်အစိုးရက သူတို့တတ်နိုင်သလောက် ကူညီကယ်ဆယ်ပြီးပြီ၊ အဆင်မပြေဘူးဆိုတာ အားလုံးသိတဲ့ အတိုင်းပဲ၊ လုံခြုံရေးအခြေအနေက အဲ့လောက်ပဲပေးနိုင်တယ်၊ အဲ့လောက်နဲ့ အဆင်မပြေဘူး ဆိုတော့ ပြည်ထောင်စုအစိုးရဆီမှာ တင်ပြပေးမယ်လို့တော့ပြောနေတယ်၊ အဲ့ဒါနဲ့ပဲ သူတို့ တင်ပြပေးပြီးတော့ ပြည်ထောင်စုအစိုးရကနေပြီးတော့မှ ဘယ်လိုပြန်ပြီးတော့ ပြောလာမယ်ဆိုတာ အဲ့ဒီအပေါ်မှာပဲ မူတည်ပါတယ်၊ လောလောဆယ်တော့ ပြန်ပြီးတော့ အိမ်ပြန်ခိုင်းထားတယ်၊ ခဏအိမ်ပြန်နေကြဖို့ လုပ်နေပြီ၊ ကျနော်တို့ အစည်းအဝေးမှာ အားလုံးအကြံပြုကြတာပေါ့၊ KCB ကလည်းပါတာပေါ့၊ အဲ့ဒီမှာ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အရပေါ့"
ပတ်ဂျာဆန်အဖွဲ့ တိုက်ခိုက်ခံရတာတွေနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ခုံရုံးဖွဲ့ပြီး စုံစမ်းစစ်ဆေး မူတွေ ပြုလုပ်မယ်လို့ ကချင်ပြည်နယ်လုံဝန်ကြီးကလည်း မနေ့က ပြောဆိုပါတယ်။ ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်သူတွေကို စစ်ဆေးဖော်ထုတ်ပြီး၊ ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ပတ်ဂျာဆန်အဖွဲ့အနေနဲ့ လုပ်ငန်းတွေကို ရပ်နားဘို့ ဆုံးဖြတ်ထားတယ်ဆိုပေမယ့် ဘိန်းခင်းတွေဖျက်ဆီးဖို့ သွားရောက်တဲ့ အဖွဲ့တွေထဲက လူ ၁ဝဝ ကျော်သာ ဒီကနေ့ ဝိုင်းမော်မြို့ကို ပြန်လည်ရောက်ရှိလာပြီး၊ ကျန်ရှိနေတဲ့ အဖွဲ့ဝင် ၁ဝဝဝ ကျော်နဲ့ အဆက်အသွယ်မရသေးဘူးလို့ ဝိုင်းမော်မြို့ကို ပြန်လည်ရောက်ရှိလာတဲ့အဖွဲ့တွေ က ပြောပါတယ်။
ဒီကနေ့ ဝိုင်းမော်မြို့ကို ပြန်လည်ရောက်ရှိလာတဲ့ အဖွဲ့တွေထဲက ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးခေါင်လွမ်းကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။