ဘိန်းခင်းဖျက်ဆီးရေး ပဋိပက္ခ ၄၅ ဦး စစ်ဆေးခံရ
2016.03.08

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးနဲ့ ကန်ပိုက်တီဒေသဘက်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဘိန်းခင်းဖျက်ဆီးဖို့ သွားရောက်တဲ့ ပတ်ဂျာဆန် ကချင်လူထုဘိန်းဖျက်ဆီးရေးအဖွဲ့နဲ့ ဒေသခံအမည်မသိ လက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ခိုက်မှုဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး ပါဝင်ပတ်သက်သူတွေထဲက ဒီကနေ့အထိ ၄၅ ယောက်ကို စစ်ဆေးထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေ၊ ပတ်ဂျာဆန်အဖွဲ့ဝင်တွေ၊ ဋ္ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ဒေသခံတွေနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ စုစုပေါင်း ၄၅ ယောက်ကို စစ်ဆေးထားတာဖြစ်တယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးက ဒုတိယရဲမှူးကြီး မြင့်ထူး ကပြောပါတယ်။
"ကချင်ပြည်နယ်အစိုးရ ဝန်ကြီးချုပ်ရဲ့ ညွှန်ကြားချက်နဲ့ ဖြစ်စဉ်အမှန်ပေါ်ပေါက်ဖို့အတွက် စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ကချင်ပြည်နယ် ရဲတပ်ဖွဲ့ကဦးစီးပြီး လဝက၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်အပါအဝင် အဖွဲ့အစည်းတွေနဲ့ မတ်လ ၁ ရက်နေ့ စပြီးတော့ စစ်နေပါပြီ၊ စုစုပေါင်း ၄၅ ဦး စစ်ဆေးပြီးပြီ၊ စစ်ဆေးတာပြီးတော့မှ တွေ့ရှိချက်ပေါ်မူတည်ပြီး ဥပဒေအရ အရေးယူဆောင်ရွက်မှာပါ"
အပြန်အလှန်တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူတွေကို သွားရောက်ကူညီခဲ့ပြီး မြစ်ကြီးနားဆေးရုံကို ပို့ဆောင်ပေးခဲ့တဲ့ မီးသတ်နဲ့ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ၊ ကားမီးရှို့ခံလိုက်ရတဲ့ ယာဉ်မောင်းကိုလည်း ထပ်မံစစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဝိုင်းမော်မြို့နယ် တရုတ်မဂါကျေးရွာနဲ့ ဝေမိုးကျေးရွာတွေမှာ ဘိန်းခင်း ဖျက်ဆီးရေးအဖွဲ့နဲ့ ဒေသခံတွေဟာ နှစ်ဘက်အပြန်အလှန် တိုက်ခိုက်မှုဖြစ်ပွားခဲ့တာကြောင့် နှစ်ဘက်လုံးက လူ ၃၀ ကျော် ဒါဏ်ရာရရှိခဲ့သလို လူနေအိမ်အဆောက်အဦတချို့အပါအဝင် ကား၊ ဆိုင်ကယ်တွေ မီးရှို့ဖျက်ဆီး ခံခဲ့ရပါတယ်။
အဲဒီလို အခြေအနေတွေကြောင့် လက်ရှိ ကန်ပိုက်တီနဲ့ မြစ်ကြီးနားမြို့နယ်မြေရဲစခန်းတွေမှာ နှစ်ဘက်အပြန်အလှန် အမှုဖွင့်တိုင်ကြားထားကြပြီး လောလောဆယ်မှာ ဘိန်းခင်းဖျက်ဆီးရေးလုပ်ငန်းတွေကိုလည်း ယာယီရပ်နားထား တယ်လို့ သိရပါတယ်။