ဘုတလင်မြို့ ကူတော်ရွာရဲစခန်း PDF တွေ တိုက်ခိုက်

2022.04.09
ဘုတလင်မြို့ ကူတော်ရွာရဲစခန်း PDF တွေ တိုက်ခိုက် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာ ရဲစခန်းအား တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာ ရဲစခန်းကို ဧပြီလ ၈ ရက် မနေ့ညပိုင်းက ဒေသခံကာကွယ်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ပြီးတဲ့နောက် စစ်ရဟတ်ယာဉ်နဲ့ ၁၅ မိနစ်ခန့်ကြာ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကူတော်ရွာထဲကိုပါ ရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအတိအကျတော့ မသိရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

“ကူတော်ရဲစခန်းကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်စီးပြီး မီးရှို့လိုက်တယ်။ ရဲတွေ ထွက်ပြေးသွားတယ်။ သူတို့ ထွက်ပြေးသွားတော့ ခဏနေတော့ ရဟတ်ယာဉ်နဲ့ လာပစ်တယ်၊ အခု ရဲတွေ စိုင်ပြင်ရွာဘက် ထွက်ပြေးသွားလို့ PDF တွေ နောက်ကလိုက် နေကြတယ်။ ထိခိုက်မှုတော့ အတိအကျ မသိရသေးဘူး၊ ဒေသခံတွေက ရှောင်တိမ်းနေ ကြတာ“

စစ်ကောင်စီတပ်တွေဟာ ကူတော်ရွာဘက်ကို မြေပြင်ကနေ စစ်ကြောင်းထိုးနေပြီး လက်ရှိ မှာ ကူတော်ရွာ အနီးတစ်ဝိုက်မှာ ဘုတလင်မြို့နယ် PDF တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေသလို ဘုတလင်မြို့ပေါ်မှာလည်း လုံခြုံရေးတင်းကျပ်ကာ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ကူတော်ရဲစခန်း ဝင်ရောက်စီးနင်းမှုကို ဘုတလင်မြို့နယ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ KIA တပ်ဖွဲ့ကလည်း ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

နှစ်ရက်တာတိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဘက်က တစ်ယောက်သေဆုံးခဲ့ကာ ရှစ်ယောက် ထိခိုက်ဒဏ်ရာရပြီး စစ်ကောင်စီဘက်က ၁၈ ယောက်လောက် သေဆုံးခဲ့ပြီး လက်နက် သုံးလက်လည်း သိမ်းဆည်းရ မိခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ပြောကြပေမယ့် RFA က သီးခြားအတည်မပြုနိုင် သေးသလို စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ကူတော်ရွာရဲစခန်းကို PDF တပ်ဖွဲ့တွေ အခုလိုဝင်ရောက်တိုက်ခိုက်တာ ဒုတိယအကြိမ် ဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း ပထမအကြိမ် ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။