မန္တလေးတိုက်ပွဲ စစ်ကောင်စီ ဒု-ဗိုလ်မှူးကြီး ကျဆုံး
2021.06.22
ဇွန်လ ၂၂ ရက်နေ့ မနက် ၇ နာရီကျော်က ဖြစ်ပွားခဲ့တဲ့ မန္တလေးမြို့ချမ်းမြသာစည်မြို့နယ်က တိုက်ပွဲမှာ စစ်ကောင်စီဘက်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဦးစီးအရာရှိ (ပထမတန်း) (စစ်ရေးဌာန) ဒု-ဗိုလ်မှူးကြီးတဦး ကျဆုံးခဲ့တယ်လို့ သတင်းရပါတယ်။ စစ်တပ်အတွင်းမှာ အေဝမ်းလို့ ခေါ်ကြတဲ့ အဲဒီ ဦးစီးအရာရှိဟာ တိုက်ပွဲတွေကို ဦးစီးသူမဟုတ်ပဲ Staff Officer လို့ခေါ်တဲ့ သာမန် ရုံးထိုင်အရာရှိသာဖြစ်တယ်လို့လည်း စစ်တပ်အသိုင်းအဝန်းက RFA ကိုပြောပါတယ်။
တိုက်ပွဲဖြစ်ပွားရာ ၅၄ လမ်းနဲ့ ၁၁၁ လမ်းထောင့်က PDF ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တချို့ ရှိနေတဲ့ တိုက်ဝင်းတခုကို အဲဒီ ဒု-ဗိုလ်မှူးကြီးက ကားငယ်တစီးနဲ့ ဝင်ရောက်သွားခဲ့ရာမှာ PDF တွေက ခုခံပစ်ခတ်လို့ သူနဲ့အတူ အခြား ဗိုလ်အဆင့်ရှိသူတဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။
မြန်မာနောင်းသတင်းဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ အခု သေဆုံးသွားသူဟာ ဗိုလ်မှူးကြီးအောင်မျိုးကျော် ဆိုသူဖြစ်ပြီး စစ်တက္ကသိုလ် အပတ်စဉ် ၄၁ က ဆင်းသူလို့ ဖော်ပြပါတယ်။
"စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ပါဝင်နေသူအားလုံးအတွက် လုံခြုံရေးဟာ အချိန်တိုင်း အချိန်တိုင်း အရေးကြီးပါတယ်"
မနေ့က တိုက်ပွဲတွေအတွင်း သေဆုံးဒဏ်ရာရမှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီထုတ်ပြန်ချက်မှာ PDF ဘက်က ၈ ဦးကျဆုံးတယ်လို့ ပြောပေမယ့် မြို့ခံတွေကတော့ PDF ဖက်က အမှန်တကယ်ကျဆုံးသူ သုံးဦးနဲ့ ဒဏ်ရာရသူ တစ်ဦးပဲရှိပြီး စစ်ကောင်စီဘက်က အရာရှိ နှစ်ဦးနဲ့ တခြားအဆင့် နှစ်ဦး ကျဆုံးတယ်လို့ ပြောပါတယ်။
မန္တလေးမြို့ခံတဦးကတော့ မနေ့က တိုက်ပွဲမှာ လွတ်မြောက်ခဲ့တဲ့ PDF တွေရှိကြောင်းနဲ့ မိမိတို့အနေနဲ့ လုံခြုံရေးကို အထူးသတိထားဖို့လိုနေကြောင်း ပြောပါတယ်။
“ဒီနေ့ သူတို့ လာဝိုင်းတဲ့အချိန်မှာ PDF တွေက ပြန်ပစ်လို့ စစ်ကောင်စီတွေ နောက်ဆုတ်သွားချိန်မှာ ဖြစ်တာက ၅၄ လမ်းမှာ၊ အဲဒီမှာ ၅၃ လမ်းဖက်က PDF တွေစစ်ကူလာလို့ ထွက်ပြေးလွတ်မြောက်သူတွေ ရှိခဲ့တယ်ပေါ့။ လက်နက်ကိုင် တော်လှန်ရေးကို မြို့ထဲမှာ ဆင်နွှဲမယ်ဆိုရင် ဘာပဲဖြစ်ဖြစ် မိမိတို့လုံခြုံရေးကို အထူး ဂရုစိုက်ဖို့လိုပါတယ်။ ဖုန်းတွေ အင်တာနက်တွေကတင် ဆက်သွယ်ရုံနဲ့ မလုံလောက်ပါဘူး။ အခြား ပိုမိုလုံခြုံစိတ်ချရတဲ့ ဆက်သွယ်ရေးနည်းတွေ စီစဉ်ထားဖို့ လိုပါတယ်။ အားနည်းချက်တွေရှိလို့ ဒီကနေ့ ဖြိုခွင်းခံလိုက်ရတာဖြစ်ပါတယ်။ ဒီအပေါ်မှာ သင်ခန်းစာယူဖို့ လိုပါတယ်။ ပြည်သူတွေကတော့ ဒီကနေ့ စိတ်ဓါတ်ကျသွားတာတွေ ဝမ်းနည်းတာတွေရှိပေမယ့် အရမ်းကူညီချင်တာ တွေ့ရပါတယ်။”
ထပ်မံသိရတဲ့ သတင်းတွေအရ တိုက်ပွဲမဖြစ်ခင်တရက်ဖြစ်တဲ့ တနင်္လာနေ့က မန္တလေးတောင်ခြေအနီးရှိ PDF တွေ စစ်ရေးလေ့ကျင့်နေတဲ့ သင်တန်းပြုလုပ်ရာ သရက်ခြံတခြံကို ဒလန်တဦးရဲ့ သတင်းပေးချက်အရ စစ်ကောင်စီက ဝင်ရောက် စီးနင်းရာမှာ သင်တန်းတက်နေသူတချို့နဲ့ အတူ ပြည်သူနဲ့ ပူးပေါင်းလာခဲ့တဲ့ ကြည်းတပ်က CDM အရာရှိတဦး အပြင် လွှတ်တော်ကိုယ်စားလှယ်တဦးလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံရတဲ့ အရာရှိဟာ ဗိုလ်စိုးဝေလှိုင် ဆိုသူဖြစ်တယ်လို့ လှုပ်ရှားမှုတွေမှာ ပါဝင်နေသူတဦးက RFA ကိုပြောပါတယ်။ အဲဒီလို တနင်္လာနေ့ ဖမ်းဆီးခံရသူတွေထံကနေ သတင်းရရှိတဲ့အတွက် နောက်တနေ့မနက်မှာ မြို့တွင်းက PDF ရုံးကို လာရောက်စီးနင်းတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အခုလို မြို့နဲ့ အနီးကပ်တည်ရှိရာ နေရာတခုမှာ စစ်သင်တန်းဖွင့်ဖွင့်ခဲ့မှုနဲ့ မြို့တွင်းရုံးကနေ အချိန်မီ ရှောင်တိမ်းနိုင်ခဲ့ခြင်း မရှိမှုတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတချို့ပေါ်ထွက်နေပေမယ့် ဖြစ်ပွားပုံအသေးစိတ်ကို မသိရသေးပါဘူး။
လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးဝင်းအောင်ကတော့ တိုက်ပွဲဝင်နေသူတွေရော ပြည်သူတွေအတွက်ပါ အထူးအရေးကြီးတဲ့ ကာလရောက်နေပါတယ်လို့ သတိပေးပါတယ်။
“စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ပါဝင်နေသူအားလုံးအတွက် လုံခြုံရေးဟာ အချိန်တိုင်း အချိန်တိုင်း အရေးကြီးပါတယ်။ လုံခြုံရေးစည်း မပေါက်ဖို့အတွက် အားလုံး သတိ ဝီရိယနဲ့ နေကြပြီး အချင်းချင်းစောင့်ရှောက်ကြဖို့ အရေးကြီးပါတယ်။ နောက်ပြီး ပြည်သူလူထုအနေနဲ့လည်း ကိုယ့်ပတ်ဝန်းကျင်မှာ လှုပ်ရှားနေကြသူတွေနဲ့ ပတ်သက်လို့ မလိုအပ်ဘဲနဲ့ လိုင်းတွေပေါ်မှာ တင်နေတာ၊ ရမ်းသမ်းပြီး ရှယ်နေတာတွေ မလုပ်ကြဖို့ အရေးကြီးပါတယ်။”
အမေရိကန်ပြည်ထောင်စုရှိ ဒီမိုကရေစီအရေးလှုပ်ရှားသူ အရှင် ဇဝနကလည်း အရေးအကြီးဆုံးက သတိဖြစ်တယ်လို့ မိန့်ပါတယ်။
“ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ အပေါ်မှာ ယုံကြည်မှုမရှိရင်လည်း နှောင့်နေးကြန့်ကြာတတ်တယ်၊ ယုံကြည်မှု လွန်ကဲသွားရင်လည်း အခက်ကြုံပြီး မအောင်မမြင်ဖြစ်တတ်တယ်။ အရေးအကြီးဆုံးတာကတော့ ကိုယ့်ခရီးလမ်းအတွက် အလုံခြုံဆုံးကိုယ်ရံတော်ဖြစ်ပါတယ်။”
အခု ရရှိခဲ့တဲ့ မန္တလေးသတင်းတွေနဲ့ ပတ်သက်ပြီး NUG အစိုးရထံက သော်လည်းကောင်း၊ စစ်ကောင်စီဘက်က သော်လည်းကောင်း အတည်ပြုချက်ကို လတ်တလော မရရှိသေးပါဘူး။