People Media အယ်ဒီတာချုပ်ကို စစ်ကောင်စီ ဖမ်းဆီး
စစ်ကောင်စီကို ထောက်ခံရေးသားလေ့ရှိတဲ့ နေပြည်တော်အခြေစိုက် People Media ရဲ့ အယ်ဒီတာချုပ် ကိုကျော်စိုးဦးကို နေပြည်တော်ရဲတပ်ဖွဲ့က ဖမ်းဆီးပါတယ်။
-
RFA Burmese
2024-03-22 -
-
-
စစ်ကောင်စီကို ထောက်ခံရေးသားလေ့ရှိတဲ့ နေပြည်တော်အခြေစိုက် People Media ရဲ့ အယ်ဒီတာချုပ် ကိုကျော်စိုးဦးကို နေပြည်တော်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး မတ်လ ၂၁ ရက်နေ့မှာ နေပြည်တော် အချုပ်ထောင်ကို ပို့ဆောင်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ဒီနေ့ ပြောပါတယ်။
သူဟာ မတ်လ ၁၉ ရက်နေ့မှာ ဖမ်းဆီးခံရတာဖြစ်ပြီး နှစ်ရက်ခန့်စစ်ကြောရေးလုပ်ပြီးနောက် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ အရေးယူပြီးတော့ အချုပ်ထောင်ကို ပို့ဆောင်လိုက်တာလို့ ဆိုပါတယ်။
နေပြည်တော် ဇမ္ဗူသီရိမြို့နယ် သုခတော်ဝင်အိမ်ရာမှာရှိတဲ့ People Media ရုံးခန်းက ကွန်ပျူတာ၊ ဖုန်းနဲ့ ကင်မရာတွေကိုလည်း မှုခင်းရဲတပ်ဖွဲ့က မတ်လ ၂၁ ရက်နေ့ မနက်ပိုင်းမှာ လာရောက်သိမ်းဆည်းသွားတယ်လို့ ကိုကျော်စိုးဦးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
မတ်လ ၁၈ ရက်နေ့က People Media တယ်လီဂရမ်ချန်နယ်ရဲ့ ရုပ်သံထုတ်လွှင့်မှုတစ်ခုမှာ ကိုကျော်စိုးဦးက စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာကြောင့် ဖမ်းဆီးခံရတာလို့ ဒီဖြစ်ရပ်ကိုသိရှိသူ နေပြည်တော် မြို့ခံတစ်ဦးက ပြောပါတယ်။
“ကချင်ပြည်နယ်က တိုက်ပွဲမှာကျသွားတဲ့ ရဲအုပ်ရဲ့ နာရေးကိုတောင် ပြည်ထဲရေးတာဝန်ရှိသူတွေက မလာကြဘူး ပစ်ထားတယ်ပေါ့နော်။ အဓိကတော့ အဲဒီပြည်ထဲရေးကို ဝေဖန်တဲ့ကိစ္စမှာ ရဲတပ်ဖွဲ့က ဆွဲလိုက်တာ။ အခုတော့ အချုပ်ထောင်ကို ပို့လိုက်တယ်”
အဲဒီရုပ်သံမှာတော့ ကချင်ပြည်နယ်ကတိုက်ပွဲမှာ သေဆုံးသွားတဲ့ ရဲအုပ်နေလင်းဟိန်းရဲ့ ရန်ကုန်မြို့က နာရေးကို ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ လာရောက်ခြင်းမရှိတာ၊ ငွေကြေးပေးနိုင်တဲ့ ရဲဝန်ထမ်းတွေကိုသာ ရဲအရာရှိကြီးတွေက နယ်တွေကိုမပြောင်းရွှေ့စေဘဲ အနားမှာခေါ်ယူထားတာ စတဲ့ကိစ္စတွေကို ကိုကျော်စိုးဦးက ဝေဖန်ပြောဆိုခဲ့တာပါ။
ဒါ့အပြင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ငွေကြေးရယူပြီး ဖွင့်ခွင့်ပေးနေတဲ့ နိုင်ငံတစ်ဝန်းက လောင်းကစား၀ိုင်းတွေနဲ့ ပတ်သက်လို့လည်း သူ့ဆီသတင်းပေးကြဖို့ အဲဒီရုပ်သံမှာ ပြောဆိုခဲ့ပါတယ်။
ကိုကျော်စိုးဦးကို ဖမ်းဆီးတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ တက်ရောက်မေးခွန်းမေးတဲ့ NHP News က သတင်းထောက် ဦးဝင်းဦးနဲ့ တဲ့ပြောသတင်းဌာနက အယ်ဒီတာချုပ် ဦးဇော်မင်းဦးတို့ကို စစ်တပ်က ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။
အဲဒီတုန်းကတော့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို “အမေစု”လို့ ခေါ်ဝေါ်သုံးနှုန်းတာ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက မကြိုက်မနှစ်သက်တဲ့ မေးခွန်းတွေမေးမြန်းတာကြောင့် ဖမ်းဆီးခံခဲ့ရတာလို့ သူတို့နဲ့နီးစပ်သူတွေက ပြောပါတယ်။